CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် အမေရိကန်နိုင်ငံအတွင်း တာဝန် ထမ်းဆောင်နေသည့် USAID ၏ ဝန်ထမ်း ၁၆၀၀ ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် ခေါင်းဆောင်များနှင့် အရေးကြီး တာဝန်ကို ယူထားရသည့် ဝန်ထမ်းအချို့မှလွဲပြီး ကျန်ဝန်ထမ်း အားလုံးကို လစာခံစားခွင့်ပေး၍ ခွင့်ယူရန် ဖေဖော်ဝါရီ ၂၃ ရက်က ပြောကြားခဲ့သည်။
ဘီလျံနာသူဋ္ဌေး အီလွန်မာ့စ် ၏ အစိုးရအကျိုးဆောင်ဌာန (DOGE) သည် USAID ကို တင်းကြပ်စွာ စိစစ် လုပ်ဆောင်နေခြင်းကြောင့် ပြည်ပနိုင်ငံများအပေါ် အာဏာအပျော့ဖြင့် ဩဇာလွှမ်းမိုးရန် အသုံးချခဲ့သည့် USAID ၏ အနာဂတ်ကို မရေမရာဖြစ်စေခဲ့သည်။
“ယခုကဲ့သို့ ဝန်ထမ်းအင်အား လျှော့ချမှုကြောင့် သင့်အတွက် ထိခိုက်မှု ရှိသွားသည့်အတွက် ဝမ်းနည်းစွာ အကြောင်းကြားအပ်ပါသည်”ဟု ရေးသားထားသည့် အီးမေးလ်များကို ထရမ့်အစိုးရအဖွဲ့က အလုပ်မှ ထုတ်ပယ်ခံ ရသည့် USAID ဝန်ထမ်းများကို ပေးပို့ခဲ့သည်ဟု ဆိုသည်။
ဒေါ်နယ်ထရမ့်နဲ့အီလွန်မာ့စ်ကို တွေ့ရစဉ်
ထိုအီးမေးလ်ကို ရိုက်တာသတင်းဌာနကလည်း ကြည့်ရှုခဲ့ပြီး အလုပ်မှ ထုတ်ပယ်ခံရသူများသည် ဧပြီ ၂၄ ရက်မှ စပြီး USAID ကနေ ထွက်ခွာရမည်ဖြစ်ကြောင်း အီးမေးလ်ထဲတွင် ရေးသာထားသည်။
USAID ၏ ဝက်ဘ်ဆိုက်တွင်လည်း ဖေဖော်ဝါရီ ၂၄ ရက် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင် အချိန် မတိုင်မီ အရေးကြီးသည့် ဝန်ထမ်းများမှလွဲပြီး ကျန်ဝန်ထမ်းအားလုံးကို ခွင့်ပေးသည့်စာရင်းတွင် သတ်မှတ် လိုက်ကြောင်းနှင့် နိုင်ငံအတွင်းရှိ USAID ဝန်ထမ်း ၁၆၀၀ ကို အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း ရေးသားခဲ့ သည်။
အစောပိုင်းက USAID ဝန်ထမ်းများကို ပေးပို့သည့် အကြောင်းကြားစာတွင်မူ ဝန်ထမ်းအင်အား ၂၀၀၀ ကို ဖယ်ရှားမည်ဟု ဖော်ပြထားပြီး ထိုအကြောင်းကြားစာကိုလည်း ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့သည်။
အိမ်ဖြူတော်ကမူ ထိုလုပ်ဆောင်မှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
USAID အရာရှိဟောင်း ၂ ဦးကမူ အမေရိကန်တွင် တာဝန်ထမ်းဆောင်နေသည့် USAID ဝန်ထမ်း ၄၆၀၀ အနက် အများစုသည် လစာခံစားခွင့်ဖြင့် ခွင့်ပေးပြီး အနားယူရလိမ့်မည်ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ USAID ဝန်ထမ်းများကို လျှော့ချမှုသည် အမေရိကန်အစိုးရအဖွဲ့၏ အမြင်ကျဉ်းမြောင်းမှု ဖြစ်သည်ဟု လည်း USAID ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သည့် မာစီယာ ဝေါင် (Marcia Wong) က ပြောကြားခဲ့သည်။
Source: ရိုက်တာ