CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

“ဝ” နှင့် မိုင်းလားတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည့် ပုံစံမဟုတ်ဘဲ နယ်မြေရထားကာ ကွဲပြားသည့် အုပ်ချုပ်ရေး ပုံသဏ္ဍာန်ရှိနေကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် နစကသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ သွားနေခြင်း ဖြစ်သောကြောင့် EAO များ၏ လက်နက်ကိုင် တိုက်ခိုက်မှုများမှ ရရှိလာသော နယ်မြေများအား တောင်းဆိုရာတွင် ပေး၍မရသောကြောင့် ငြိမ်းချမ်းရေးအရ မဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

သို့သော် နစကသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ သွားနေသော်လည်း ၂၀၀၈ ခြေ/ဥနှင့် ကိုက်ညီမှု မရှိဘဲ “ဝ”၊ မိုင်းလား တို့အား ကွဲပြားသည့် အုပ်ချုပ်ရေးပုံသဏ္ဍာန်များ ပေးထားသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

 နစကဥက္ကဋ္ဌနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတွေ့ရစဉ်

၂၀၀၈ ခြေ/ဥ အရ နယ်မြေများပေး၍ မရသော်လည်း “ဝ” နှင့် မိုင်းလားတို့အား အခြေခံဥပဒေနှင့် ကိုက်ညီသည့် ပုံစံမဟုတ်ဘဲ ကွဲပြားသည့် အုပ်ချုပ်ရေးပုံသဏ္ဍာန်များ ပေးထားကြောင်း၊ ရေရှည်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းတွင် နယ်မြေပေးပိုင်ခွင့်ရှိစေရန် ပြင်ဆင်မှုများ လုပ်နိုင်သည့် အခင်းအကျင်း ဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ငြိမ်းချမ်းရေးဆိုတာက နိုင်ငံ‌ရေး ဆွေးနွေးပွဲတွေကနေ ထွက်လာတဲ့ နိုင်ငံ‌ရေး သ‌ဘောတူချက်တွေရမှ ငြိမ်းချမ်းရေးဆိုတာ ဖြစ်တာကိုး၊ အခုက ငြိမ်းချမ်းရေးအတွက် ကြိုတင်ညှိနှိုင်းတဲ့ ပွဲ‌လောက်ပဲ ဖြစ်နေတော့ တိုင်းရင်းသားတွေက နယ်မြေချဲ့ပြီးတော့ တောင်းဆိုလာတယ်၊ ဟိုကလည်း ၂၀၀၈ အောက်က ပေးလို့မရဘူး၊ သို့သော် ၂၀၀၈ အောက်က ပေးလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဥပမာ “ဝ” လိုကျတော့ ၂၀၀၈ နဲ့ကွဲပြားတဲ့ အုပ်ချုပ်ရေးပုံသဏ္ဍာန်ရှိနေတယ်၊ “ဝ” တို့၊ မိုင်းလားတို့မှာ ၂၀၀၈ နဲ့ လုံးဝ ကိုက်ညီတဲ့ ပုံစံမဟုတ်ပါဘူး၊ ထို့အတူပဲ ၂၀၀၈ နဲ့ လုံးဝမကိုက်ညီသော်လည်းပဲ၊ ၂၀၀၈ နဲ့အညီ ပေးလို့မရဘူးလို့ ပြောသော်လည်းပဲ တစ်နည်းနည်းနဲ့ လက်လွှတ်ထားရတာတွေ ရှိတဲ့အခါကျတော့ ညှိနှိုင်းရတဲ့ သဘောတော့ ရှိပါလိမ့်မယ်၊ ဒါကြောင့် ရေရှည်မှာတော့ မြေလိုချင်တဲ့ လူပဲဖြစ်ဖြစ်၊ တရားဝင် ဖြစ်ချင်တာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်ထဲမှာ ပေးပိုင်ခွင့်ရှိ အောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာပဲဖြစ်ဖြစ်၊ တစ်ခုခုလုပ်ပြီး‌တော့ သွားရမယ့် အခင်းအကျင်းတော့ ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် အခုဆွေးနွေးနေတာတွေက အဆင့်မတူကြဘူး၊ တစ်ဖက်ကတော့ နယ်မြေကိစ္စပြောပြီး တော့ ဖွဲ့စည်းပုံအခြေခံနဲ့ ဆိုင်လာတယ်၊ တစ်ဖက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်မခံနိုင်ဘူးပြော တယ်၊ အဲဒီ ၂ ခုစလုံးက ဆက်သွားလို့ရအောင်က အပစ်ရပ်ထားဖို့တော့ လိုမယ်” ဟု ပြောသည်။

 မြန်မာ့တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့  TNLA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားကိုတွေ့ရစဉ်

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်နက်ကိုင်များ အနေဖြင့် လက်နက်စွန့်ကြရန်၊လက်နက်ကိုင် တိုက်ခိုက်ရေးနည်းဖြင့် မိမိဆန္ဒကို တောင်းဆိုခြင်းအား လိုက်လျောမည် မဟုတ်ကြောင်း၊ရွေးကောက်ပွဲဝင်၍ လွှတ်တော်အတွင်းကနေ မိမိဆန္ဒကို တရားဥပဒေအရ တောင်းဆိုကြရန်၊ လက်နက်ကိုင် အဖွဲ့အစည်းသည် နယ်မြေအလိုက် အာဏာရရှိရေးကို ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် စစ်ဆက်တိုက်ရမည် ဖြစ်ကြောင်း ပြောကြားထားသည်။

တိုက်ခိုက်နေခြင်းဖြင့်သာ ဖြေရှင်း၍ မရသောကိစ္စများဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးဖြင့် ဖြေရှင်းဖို့ လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တိုက်နေခိုက်နေလို့ ဖြေရှင်းလို့ ရမယ့်ဟာတော့ မဟုတ်တာ သေချာပါတယ်၊ ငါ့တိုင်းပြည်ပဲ၊ ငါ့နယ်မြေပဲ ဆိုတာလောက်နဲ့ မပြီးနိုင်ဘူး၊ ဘာဖြစ်လို့လဲဆို‌တော့ မပေးနိုင်တဲ့လူက ပြန်တိုက်မှာပဲ၊ အကောင်းဆုံးက‌တော့ ကျနော်တို့က တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းဖို့ပါပဲ၊ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ ဘာလဲဆိုတာ ကျနော်တို့က စကားရည်လုပွဲလိုမျိုး၊ Debate(အငြင်းပွား) လိုမျိုး ငါမှန်တယ်၊ သူမှန်တယ် မဟုတ်ဘဲနဲ့ ခင်ဗျားနဲ့ ကျနော်နဲ့ အပြောတစ်ခုက ငြိမ်းချမ်းစွာနေနိုင်အောင် ဘာနည်းနဲ့ တိုက်ရင်ကောင်းမလဲဆိုတဲ့ ဟာမျိုးနဲ့ ဖြေရှင်းသင့်ပါတယ်၊ တိုက်ဖို့ခိုက်ဖို့နည်းနဲ့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ကမ္ဘာစစ်ကြီးသာ ပြီးနိုင်မယ်၊ ကျနော်တို့ ဗမာစစ်ကြီးတော့ မပြီးတော့ပါဘူး” ဟု ပြောသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော်(MNDAA) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ပုံမှန်သတင်းစာ  ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုကဲ့သို့ အပစ်အခတ်ရပ်စဲအပြီးတွင် MNDAA အဖွဲ့များအားလုံး လားရှိုးမြို့မှ ဆုတ်ခွာရမည်ဖြစ်ပြီး မြန်မာနိုင်ငံ တော်အစိုးရသည် မိမိတို့ MNDAA အဖွဲ့အား ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင် စသည့် ခရိုင် ၄ ခုအား အထူး ဒေသ (၁)အဖြစ် သတ်မှတ်‌ကာ တရားဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပြီဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့(MNDAA)မှ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦး လားရှိုးမြို့၊ တရုတ်နှစ်သစ်ကူးပွဲတွင် ပြောကြားနေသော ရုပ်သံဖိုင် တစ်ခု လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။

ထို့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်က ဆွေးနွေးခဲ့သော်လည်း ရလဒ် တစ်စုံတရာ မထွက်ဘဲ ပြီးဆုံးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် TNLA ဘက်က ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသည့် မြို့နယ် စုစုပေါင်း ၁၆ မြို့နယ်ကို တရားဝင် အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် မြို့နယ် ၉၀ ကျော် အပါအဝင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ)၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) နှင့် စစ်စခန်းပေါင်း ရာချီလက်လွှတ်ထားရသည်။