CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

လက်နက်ကိုင်ဆောင်နိုင်သည့် ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ ပြည်တွင်း ရေး၌ ပါဝင်ပတ်သက်မှု မရှိရန် အရေးကြီးကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်တွင်း/ပြည်ပ လုံခြုံရေးကုမ္ပဏီများ လက်နက်ကိုင်ဆောင်နိုင်သည့် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို နစကမှ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းလိုက်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာသည်။

ထိုကုမ္ပဏီများမှာ ၎င်းတို့အကျိုးစီးပွားအတွက် လုံခြုံရေးယူခြင်းမှတဆင့် နိုင်ငံ၏ အရေးအခင်းတွင် ပါဝင် ပတ်သက်မှု မရှိစေရန် အရေးကြီးသည့်အပြင် စည်းကမ်း သတ်မှတ်ချက်များရှိသင့်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လုံခြုံရေးတွေ လုပ်တယ်ဆိုတာ ဒီခေတ်မှာတော့ မဆန်းတော့ဘူး။ ကျနော်တို့ နိုင်ငံအနေနဲ့ကတော့ ဒီလိုလုပ်မယ်ဆို ကုမ္ပဏီအတွက် ဘာတွေများ စည်းကမ်းသတ်မှတ်ချက်ရှိသလဲ နားလည်ဖို့ လိုတာပေါ့။ ကိုယ် ရောက်ရှိနေတဲ့ နိုင်ငံရဲ့ အရေးအခင်းတွေမှာ ပါဝင်ပတ်သက်မှု မရှိဖို့ဆိုတာတော့ အမြဲတမ်းအရေးကြီးတာပဲ။ ကျနော်တို့ အင်္ဂလိပ်အင်ပါယာ တည်ထောင်လာနိုင်ခဲ့တာလည်း ကုန်ကူးသန်းရောင်းဝယ်ရေးကနေ စတာပဲ။ ဒီလိုမျိုး ကုန်ကူးသန်းရောင်းဝယ်ရင်းနဲ့ စတဲ့အခါ ကိုယ့်ရဲ့လုံခြုံရေးအတွက် ကာကွယ်ဖို့ တပ်ဖွဲ့တွေ ဖွဲ့ခဲ့တာပဲ။ ဖွဲ့လာခဲ့တဲ့အခါ သူတို့က မြင်သာတာပြောမယ်ဆို အိန္ဒိယမှာ သူတို့လုပ်တဲ့အခါ လုပ်ရင်းနဲ့ ကိုယ့်ရဲ့ အကျိုးစီးပွား ကာကွယ်ရေးလုပ်တာပါ။ ဒါပေမယ့် မြေရှင်တွေနဲ့ ရင်းနှီးမှုတွေရလာတဲ့ အခါကြတော့ မြေရှင်တွေက သူတို့ရဲ့ အချင်းချင်းဖြစ်တဲ့ စစ်ပွဲတွေမှာ ကူညီဖို့တွေပါလာတယ်။ တချို့ကလည်း သူတို့ကို တိုက်ခိုက်တာရှိတော့ ကာကွယ် ရေး ကူရင်းနဲ့ တဖြေးဖြေး ဩဇာလွှမ်းမိုးသွားပြီး အိန္ဒိယတစ်ပြည်လုံးကို ရသွားတာ ရှိဖူးတယ်။ အဲဒီကနေ စပြီး တဖြေးဖြေးချဲ့လာပြီး ကျနော်တို့ဆီ ရောက်လာတာပေါ့။ ဒီသမိုင်းကြောင်းက ပြန်ပြီး repeat မလုပ်နိုင်ဖို့ အားလုံး က သတိထားရမှာပေါ့” ဟု ပြောသည်။

UWSA လက်နက်ကိုင်ကိုတွေ့ရစဉ်

ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် လိုင်စင်ရရှိသူသည် နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ဝန်ထမ်းခန့်ရာ၌  မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်း ခန့်ထားရမည် ဖြစ်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် လိုင်စင်ရရှိသူက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရာတွင် လိုအပ်ချက်အရ လက်နက် ခဲယမ်း ကိုင်ဆောင်ခွင့် လျှောက်ထားလာလျှင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြ၍ သဘောထား ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂ (ခ) တွင် နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့် မပြုဟု ပြဋ္ဌာန်းထားသော်လည်း  ယခုကဲ့သို့ လုပ်ဆောင်မှုသည် ဖွဲ့စည်းပုံအရ ကွဲလွဲနေကြောင်း ထောက်ပြမှုများ ရှိသည်။

ထိုအကြောင်းအရာမှာ လက်ရှိတွင် နည်းဥပဒေ မထွက်လာသေးကြောင်း၊ တိုင်းပြည်၏ အချုပ်အခြာအာဏာကို မစဉ်းစားဘဲ လုပ်သည်ဆိုပါက ရေရှည်တွင် အမျိုးသားအကျိုးစီးပွားတစ်ခုလုံး ထိခိုက်လာနိုင်စရာရှိကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က CNI သတင်းဌာန သို့ ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

၎င်းက “နည်းဥပဒေ ထွက်မလာသေးဘူး။ သို့သော်လည်း ဒီအပေါ်မှာ အခြေခံဥပဒေက ပေးထားချက်နဲ့ သူ့ရဲ့ လုပ်ချင်တဲ့ အနေအထားက တစ်ထပ်တည်း ဖြစ်ပါ့မလားဆိုတာ ကြံဖန်ပြီး လုပ်ရလိမ့်မယ်။ နည်းဥပဒေကို ပြဋ္ဌာန်းမယ် မဟုတ်ရင်လည်း အမိန့်အာဏာနဲ့ ပြဋ္ဌာန်းမယ်ဆိုရင်တော့လည်း မဖြစ်ဖြစ်အောင် လုပ်လို့ရတာပေါ့။ အဲဒီအခါကြရင် အကျိုးထက်ကို အပြစ်က ပိုများမလားလို့ စဉ်းစားစရာဖြစ်တယ်။ ဒီဥစ္စာက တိုင်းပြည်အတွက် အကျိုးရှိရာရှိကြောင်း မဟုတ်ဘဲနဲ့ သူ့ရဲ့အာဏာတည်မြဲရေးနဲ့ သူ့ရဲ့ လုံခြုံရေးအာမခံရှိဖို့အတွက် လုပ်လိုက် တာဟာ တိုင်းပြည်တစ်ခုလုံးရဲ့ အချုပ်အခြာအာဏာ၊ နောက် တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လောက် ထိခိုက် မလဲဆိုတာကို ထည့်မစဉ်းစားဘဲနဲ့ လုပ်တယ်ဆိုရင်တော့ ရေရှည်မှာ အမျိုးသားအကျိုးစီးပွား တစ်ခုလုံးကို ထိခိုက် လာနိုင်စရာရှိတယ်လို့ ကျနော် ဒီလိုသုံးသပ်တယ်” ဟု ပြောသည်။

တရုတ်နှင့်မြန်မာ ပူပေါင်းလုံခြုံရေးကုမ္ပဏီအား ထူထောင်ရန် အဆိုပြုချက်ကို လက်မှတ်ထိုးရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးပြီးနောက် ယခုကဲ့သို့ ဥပဒေတစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။