CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၄

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်မှု ရှိ၊မရှိ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်သုံး သပ်မှုများရှိနေကြသည်။

နစကဥက္ကဋ္ဌသည် ရွေးကောက်ပွဲ ကျင်းပမည့်ကာလအား ထုတ်ဖော်ပြောကြားခဲ့ပြီး အစောဆုံးဆိုသည့် စကားလုံး ကို ထည့်သွင်းအသုံးပြုသွားသဖြင့် နောက်အကျဆုံးကာလ ရှိနိုင်မလားဟူ၍ မေးခွန်းထုတ်မှုများ ရှိနေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နစကဥက္ကဋ္ဌ ပြောတဲ့စကားနဲ့ပတ်သက်ပြီး အရင်သုံးသပ်ရမှာပေါ့။ နစကဥက္ကဋ္ဌ အနေနဲ့ သူပြောတာက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံး ကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်လို့ ပြောသွားတယ်။ ဒီနေရာမှာ အစောဆုံးဆိုတဲ့ စကားလုံးကို မေးမြန်းမှုရှိပါတယ်။ အစောဆုံးဆိုတာ ဘာကိုဆိုလိုတာလဲပေါ့။ တကယ်လို့ ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလမှာ အစောဆုံးဆိုရင် နောက်အကျဆုံးဆိုတာလည်း ရှိမလားဆိုပြီး မေးတာတွေ ရှိပါတယ်။ အခု နောက် အကျဆုံးဆိုတာ ပြောတာ မကြားရဘူး။ မကြားရဘူးဆိုတဲ့ အခါကြတော့ ၂၀၀၈ ခြေ/ဥက ပုဒ်မ ၄၂၁(ခ)မှာ  သာမန် အားဖြင့်ဆိုတဲ့ အခါကြတော့ အဲဒါကို ၆ လတစ်ကြိမ် ဆက်တိုးသွားဖို့ရှိမလားဆိုပြီးမှ မေးကြပါတယ်။ အဲဒီလိုမေးတဲ့ အခါကြတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေပေးနိုင်တာကတော့ နစကဥက္ကဋ္ဌပါပဲ။ ၂၀၀၈ ကလည်း အခွင့်ပေးပြီးသားလို့ အဲဒီလို အဓိပ္ပါယ်ကောက်ယူတာကို။ ဒီလိုမျိုး အဓိပ္ပါယ်ကောက်ယူတယ် ဆိုတဲ့အခါကြတော့ သူက ရာသက်ပန် တိုးသွားချင်လည်း ရတယ်ပေါ့။ သို့သော်လည်းပဲ နစကဥက္ကဋ္ဌ အနေနဲ့ ရာသက်ပန်တိုးဖို့ ရည်ရွယ်ချက်တော့ ရှိပုံမရပါဘူး” ဟု ပြောသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့နဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်

နစကဥက္ကဋ္ဌဘက်မှ ရွေးကောက်ပွဲ ကျင်းပပေးမည့် ကာလအတိအကျကို ထုတ်ဖော် ပြောကြားသွားသဖြင့် လက်ရှိ ၆ လသက်တမ်း ကုန်ပါက ရွေးကောက်ပွဲအတွက် အစုအဖွဲ့ အင်အားစုပုံစံတစ်မျိုး ပေါ်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းကလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မည့်အကြောင်း မတ်လ ၁၁ ရက်နေ့က နစကဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ဩဂုတ်လ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောခဲ့ပြီး အကောင်အထည် မဖော်နိုင်ခဲ့သည့်အတွက် ယခုတစ်ကြိမ်တွင်လည်း အကောင်အထည် ဖော်နိုင်မှု ရှိ၊မရှိ ဆိုသည့်အပေါ် သုံးသပ် မှုများလည်း ရှိနေကြသည်။

နစကဥက္ကဋ္ဌနဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ကိုတွေ့ရစဉ်

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)မှ ဦးမျိုးကျော်က “သက်တမ်းတိုးတာနဲ့ မတိုး တာကတော့ ကျနော်တို့က သိပ်ထူးတယ်လို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကတော့ သက်တမ်းတိုး နေတယ်ဆိုတာ ၂၀၀၈ ကို ကိုင်ပြီးတော့ ၂၀၀၈ ပေးထားချက်အရ တိုးတယ် ဆိုပြီးတော့ ပြောတာလေ။ မတည် ငြိမ်တဲ့အခါ တိုးလို့ရတယ်ဆိုတာမျိုး။ ဒါပေမယ့် တကယ့်တကယ် အရှိတရားကို ကြည့်မယ်ဆိုရင် သိမ်းတာလည်း သူပဲ၊ နိုင်ငံတော်ရဲ့ သမ္မတဆိုတာလည်း သူပဲ၊ ဝန်ကြီးချုပ် ကလည်းသူပဲ၊ ဥက္ကဋ္ဌကလည်း သူပဲ။ သက်တမ်းတိုး တယ်ဆိုတာလည်း တစ်ဦးတည်းကနေပြီး အဲဒီလို လုပ်နေတဲ့ဟာကို ရှင်းရှင်းလင်းလင်း မြင်ထားတယ်ဆိုရင် ဒီဟာ ကျနော်တို့အတွက်တော့ ရင်မခုန်လောက်ပါဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် နစကဥက္ကဋ္ဌသည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား အခိုင်အမာ လုပ်ဆောင်မည်ဖြစ်ပြီး ကဏ္ဍကောစ မလုပ်ဘဲ ပူးပေါင်းဆောင်ရွက်မှုသာလိုကြောင်း၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုပါက မြန်မာနိုင်ငံ အနေဖြင့် မုချအောင်မြင်မည်ဖြစ်ကြောင်း မတ်လ ၉ ရက်က ရုရှားနှင့်ဘယ်လာရုစ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်မှ မြန်မာနိုင်ငံသို့ ပြန်လာစဉ်တွင် ပြောကြားခဲ့သည်။

လက်ရှိ၌ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နစကအနေဖြင့် မြို့နယ်ပေါင်း ၉၀ ကျော် အပါအဝင် စစ်စခန်းပေါင်း ရာချီတို့ကို လက်လွှတ်ထားရသကဲ့သို့ စစ်ဌာနချုပ် အချို့တို့ကိုလည်း လက်လွှတ်ထားရသည့် အနေအထားဖြစ်သည်။

ထိုအခြေအနေများကြားတွင် ရွေးကောက်ပွဲအား မည်သည့်ပုံစံဖြင့် ကျင်းပသွားမည်ကိုလည်း အားလုံးက မေးခွန်း ထုတ်လျက်ရှိနေကြသည်။