CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၅
နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာရှိရန် လိုအပ်သလို နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံရေးများ ကင်းရှင်းကြရန်လိုအပ်ကြောင်း ရုရှားရောက် စစ်ဘက်/အရပ်ဘက်မှ ပညာတော်သင် အရာရှိများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က ရုရှားနိုင်ငံရောက် စစ်ဘက်/အရပ်ဘက် ပညာတော်သင် အရာရှိသင်တန်းသားများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပညာတော်သင်အရာရှိများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရန်လိုကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်အတွက် မိမိတို့၏ အသက်ကို ပေးဆပ်မည်ဟု သစ္စာ ဆို၍ ဝင်လာသူများဖြစ်သဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် ကိစ္စရပ်များဆောင်ရွက်ခြင်း မပြု မိအောင် စောင့်ထိန်းရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိရှိဖြင့် ခံယူချက်ရှိစွာဖြင့် ဆောင်ရွက် ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက်လည်း ပါတီနိုင်ငံရေးများ ကင်းရှင်းကြရန်လို တယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်က ပညာတော်သင်များနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က)တွင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့နောက် ယနေ့ခေတ်သည် AI နည်းပညာခေတ်ဖြစ်၍ AI နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာနေရန်လို ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် နည်းပညာများ တိုးတက်စေရေး ကြိုးပမ်းသင်ယူကြရန်လိုကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ နောက်ကျ မကျန်နေစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းအားထုတ်နေရန်လိုကြောင်း ၎င်းက ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု နစကဥက္ကဋ္ဌက ပြောနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆(စ)တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်း ဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်းထားကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အလားတူ ရွေးကောက်ပွဲများကနေတဆင့် ဖြစ်တည်လာသော လွှတ်တော်များတွင်လည်း ရွေးကောက်ခံ မဟုတ်သလို နိုင်ငံရေးပါတီဝင်များ မဟုတ်ဘဲ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နေရာယူ၍ နိုင်ငံရေးမှာ ပါဝင်နေ ခြင်းကလည်း ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြောကြားမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ၎င်းတို့က ထောက်ပြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား NLD အစိုးရက မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ နိုင်ငံတော်ကို အရေးပေါ် ကြေညာ၍ အာဏာရယူခဲ့သည်။
ထို့နောက် နိုင်ငံရေး အကျပ်အတည်းများ ပေါ်ပေါက်လာပြီး မြန်မာ့တပ်မတော်နှင့် နစကကို စစ်ဘက်/အရပ်ဘက် မှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူလူထုများနှင့် လက်နက်ကိုင် အင်အားစုများက ဆန့်ကျင် ကန့်ကွက်ခဲ့ကြ သည်။
ထို့ပြင် နိုင်ငံ့ဝန်ထမ်း တချို့သည် အာဏာဖီဆန်ခြင်းလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသလို နိုင်ငံ့ဝန်ထမ်း အဖြစ်မှ နှုတ်ထွက်သွားခဲ့ကြသော အခြေအနေများထိ ဆောင်ရွက်ခဲ့ကြမှုများ ရှိခဲ့သည်။