CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၅
မြန်မာနိုင်ငံတွင် အသေးစားအနုမြူဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် ရုရှားနှင့်မြန်မာ သဘောတူညီခဲ့ ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့က ပူးတွဲထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးကို မတ်လ ၃ ရက်က စတင်သွားရောက်ခဲ့ပြီးနောက် မတ်လ ၄ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကျနော်တို့ နှစ်နိုင်ငံရဲ့ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ကလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မကြာခင်က ကုန်သွယ်ရေးကော်မရှင် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ စွမ်းအင်အခန်းကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ အခြားနယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင် ရွက်သွားဖို့ စီစဉ်နေပါတယ်။ အခြားနယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ မိမိတို့ အနေနဲ့အသင့်ရှိပါ တယ်။ အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ တိုးတက်ရေး၊ မြန်မာနိုင်ငံတွင် အသေးစား အနုမြူဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် သဘောတူညီခဲ့ပါတယ်”ဟု ပြောသည်။
အဆိုပါ အနုမြူဓာတ်အားပေး စက်ရုံ တည်ဆောက်ပြီးပါက မြန်မာနိုင်ငံ စီးပွားရေးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပေါပေါများများ ပေးနိုင်မည်ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသည် တစ်နေလျှင် ၄ နာရီခြား တစ်ခါသာ ပေးနိုင်သည့်အတွက် စက်ရုံ၊ အလုပ်ရုံများနှင့် ရုံးလုပ်ငန်းများ အပါအဝင် နေအိမ်များသည် လုပ်ငန်းလည်ပတ်ရန် နှေးကွေးသွားသလို လူမှုကုန် ကျစရိတ်များလည်း မြင့်တက်ခြင်း အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။
ထို့ကြောင့် နစကသည် လျှပ်စစ်ဓာတ်အား အပြည့်အဝ ပြန်လည်ရရှိရေးအတွက် ဆိုလာစနစ်ဖြင့် လည်ပတ်ရန် လည်း စီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိနေသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားခရီးစဉ်တွင် ရုရှား-မြန်မာ သဘောတူညီချက် ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ခဲ့သည်။
အလားတူ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံရေး၊ လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ စက်မှု လုပ်ငန်းများ တည်ဆောက်ရေး စသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကလည်း ရုရှားနိုင်ငံသို့ သွားရောက် ခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် သမ္မတပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။