CNI News
၂၀၂၅ ခုနှစ်၊ မတ် ၅
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရားဝင် ရုရှားခရီးစဉ်ကို ကြည့်ခြင်းအားဖြင့် နစကအပေါ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု အဆင့်အတန်း ပိုမိုမြင့်တက်သွားသည်ဟု တရုတ်အနေဖြင့် သဘောပေါက်သွား နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရုရှားသမ္မတ ပူတင်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က ကရင်မလင်နန်းတော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရုရှားသမ္မတ ကိုယ်တိုင်က ဖိတ်ခေါ်သည့်အတွက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု အဆင့်အတန်း ပိုမိုမြင့်တက် သွားသည်ကို တရုတ်အနေဖြင့် သဘောပေါက်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်အနေနဲ့ ရုရှားကို မင်းအောင်လှိုင် သွားတဲ့အပေါ်မှာ တရုတ်က မလိုလားတဲ့သဘော၊ ဝေဖန်လိုတဲ့ သဘောတော့ ရှိပုံမရပါဘူး၊ သို့သော် တစ်ခုတော့ရှိတာပေါ့၊ အခု ရုရှားက ဖိတ်တာက ပူတင် ကိုယ်တိုင်က ဖိတ်တဲ့ အတွက် မင်းအောင်လှိုင်ရဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု အဆင့်အတန်းကတော့ ပိုမိုမြင့်တက် သွားတယ်ဆိုတာ ကို တရုတ်ကတော့ သဘောပေါက်ပါတယ်၊ သို့သော်ငြားလည်း တရုတ်ကတော့ မင်းအောင်လှိုင်နဲ့ ပတ်သက်လို့ တစ်ဆင့်လျှော့ပြီးတော့ အသိအမှတ်ပြုထားတဲ့အတွက် အခုကသူက ရှီကျင့်ဖျင်လို တရုတ်အစိုးရရဲ့ ထိပ်သီး ခေါင်းဆောင်နဲ့တော့ တွေ့ရတဲ့ အဆင့်အတန်း မရှိသေးခဲ့ပါဘူး၊ ရုရှားကတော့ ပူတင် ကိုယ်တိုင်နဲ့ တွေ့ဆုံရတာ ဖြစ်တဲ့အတွက် သူ့အတွက် ရုရှားဟာ ပိုမိုယုံကြည်စိတ်ချရတဲ့ မဟာမိတ်လို့ သူယူဆပါလိမ့်မယ်၊ ဒါကြောင့်လည်း ဒီတစ်ခေါက်သွားတဲ့ အခါမှာ သူ့အနေနဲ့ လက်ရှိ ဗမာပြည်မှာ ရှိနေတဲ့ ဘက်ပေါင်းစုံ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အနေအထားပေါ်မှာ သူ့အတွက် အာမခံချက်ရှိတဲ့ အနေအထား တစ်ရပ်၊ လုံခြုံတဲ့ နေထိုင်ရာ တစ်ရပ်ကိုတော့ ရုရှားမှာ ရှာဖွေလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားသမ္မတ ပူတင်က တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် အတွက် ဖိတ်ကြားခဲ့ပြီးနောက် နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်မှ ထွက်ခွာသွားခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌသည် ရုရှားသမ္မတ ပူတင်နှင့် ကရင်မလင်နန်းတော်၌ တွေ့ဆုံခဲ့သလို ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ရုရှားနိုင်ငံဝန်ကြီးချုပ် မီခေးလ် မီရှူစတင်၊ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း မတ်လ ၄ ရက်က သီးခြားစီ တွေ့ဆုံ၍ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထိုတွေ့ဆုံ ဆွေးနွေးပွဲများ၌ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ နိုင်ငံရေးပါတီ များ ဖွဲ့စည်းထားမှု အခြေအနေ၊ မြန်မာ-ရုရှား လွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကနေ နစကမှ တာဝန်ယူခဲ့ရမှု အခြေအနေများ စသည်တို့အား ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ရုရှားနှင့်တရုတ်သည် မဟာမိတ်ဖြစ်သောကြောင့် နစကဥက္ကဋ္ဌ၏ ခရီးစဥ်အား တရုတ်အနေဖြင့် ဘာမှသိပ်ဖြစ်စရာ မရှိကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားဝန်ကြီးချုပ်ကိုတွေ့ရစဉ်
၎င်းက “ကျမ ကြားတာတော့ ရုရှားနဲ့တရုတ်နဲ့က အစောကြီးကတည်းက မင်းအောင်လှိုင်က သွားချင်လို့ ကြိုးစား နေတယ်လို့ ပြောတာပဲ၊ တရုတ်ပြည်က ပြန်သွားကတည်းက သူက ရုရှားသွားဖို့ ဆက်ကြိုးစားနေတယ်လို့ ပြော တယ်၊ အဲတော့ တရုတ်ကတော့ ဘာမှသိပ်ဖြစ်မှာ မဟုတ်ဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ ရုရှားကသူ့ရဲ့ မဟာမိတ် ပဲ ဖြစ်တာကိုး၊ အဲတော့ ဘာမှသိပ်ပြဿနာ မရှိဘူးထင်တယ်၊ အခုတရုတ်နဲ့ ရုရှားရဲ့ ဆက်ဆံရေးက ဒီလောက် ကောင်းနေတဲ့ဟာကြီးကို အစောကြီးထဲက မင်းအောင်လှိုင်က ရုရှားကို သွားတိုင်မလိုတောင် ပြောနေသေးတာ လေ၊ ကျနော်တို့က ငြိမ်းချမ်းရေးရအောင် အများကြီးကြိုးစားပါတယ်၊ ဒါပေမယ့် အိမ်နီးနားချင်း နိုင်ငံကြီးက လက်နက်တွေ အဲဒီ နယ်ခြားက တပ်တွေကို ထောက်ပံ့နေလို့ ကျနော်တို့က ငြိမ်းချမ်းရေး လုပ်လို့မရတာပါ နဲ့တောင် ရုရှားကို သွားတိုင်နေသေးတာပဲ အစောပိုင်းလေ သူအာဏာ မသိမ်းခင်က အဲတော့ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေး မရတာဟာ တရုတ်ကြောင့် ဆိုပြီးတော့တောင် ရုရှားသွားတိုင် နေသေးတာပဲ၊ အဲတာတောင် တရုတ်က ဂရုမစိုက်ပါဘူး” ဟု ပြောသည်။
ရုရှားသမ္မတ ပူတင်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယ အကြိမ် မြောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်ကလည်း ရုရှားနိုင်ငံဗလာဒီဗော့ စတော့ခ်မြိုတွင် ပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) အား နစကဥက္ကဋ္ဌက တက်ရောက်ခဲ့ကာ စက်တင်ဘာ ၇ ရက် တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။