CNI International News
ဘန်ကောက်၊ မတ်လ ၅
နယ်စပ်ဒေသများတွင် လုံခြုံရေးခြိမ်းခြောက်ခံနေရမှုများကို ဖြေရှင်းရေးအတွက် အာရုံစိုက်လုပ်ဆောင်မည့် ယန္တရားတစ်ခု ထူထောင်ရန် အုပ်ချုပ်ရေးအမိန့်တစ်ခုကို ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra)က ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုအစီအစဉ်သည် ပြည့်စုံကျယ်ပြန့်သည့် ချဉ်းကပ်မှု တစ်ခုမှတဆင့် မူးယစ်ဆေးဝါး ပြဿနာကို ပစ်မှတ်ထား ဖြေရှင်းမည်ဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း၍ မူးယစ်ဆေး ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေး ကွန်ရက်များကို ဖြတ်တောက်သွားမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို ခြေရာခံမှု၊ ထိန်းချုပ်မှု၊ မှောင်ခိုလမ်းကြောင်းများအား ဖျက်ဆီးမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကို ဖြေရှင်းမှုတို့ ပါဝင်သည်။
ပေတုန်တန်၏ အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်မှုသည် ထိုင်းနိုင်ငံသားများ၏ နေ့စဉ်ဘဝကို ထိခိုက်စေသည့် နယ်စပ် ဖြတ်ကျော် ခြိမ်းခြောက်မှုများ အပါအဝင် ကျားဖြန့်ဂိုဏ်းများနှင့် မှောင်ခိုဂိုဏ်းများအား တိုက်ဖျက်နေသော အားထုတ်ကြိုးပမ်းမှုများကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ထားသည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ပြောင်းလဲနေသည့် အခြေအနေများအရ ပေတုန်တန်သည် “အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဒေသများတွင် လုံခြုံရေး ခြိမ်းခြောက်မှုများကို တားဆီးရေးနှင့် ဆုံးဖြတ်ချက် ချမှတ်ရေးကော်မတီ" အမည်ရှိ အုပ်ချုပ်ရေးအဆင့် ကော်မတီတစ်ခုကို ထူထောင်ခဲ့သည်။
ထိုကော်မတီကို လက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်မှူးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်၊ တော်ဝင်ထိုင်းစစ်တပ်၏ တပ်မှူး၊ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲနှင့် အမျိုးသားလုံခြုံရေးကောင်စီရုံးမှ ကိုယ်စားလှယ်တစ်ဦးတို့က လက်ထောက်ဥက္ကဋ္ဌများအဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။
အဆိုပါ ကော်မတီသည် နယ်စပ်ဒေသများတွင် လုံခြုံရေးခြိမ်းခြောက်မှုများကို စောင့်ကြည့်ခြင်း၊ လေ့လာခြင်း၊ အကဲဖြတ်ချင့်တွက်ခြင်းတို့အတွက် တာဝန်ယူမည်ဖြစ်သည်။
ထိုပြဿနာရပ်များကို ဖြေရှင်းရန်အတွက် အစိုးရ၏ မူဝါဒများ၊ အမျိုးသားလုံခြုံရေး မဟာဗျူဟာများနှင့် အထူး အစီအစဉ်များကိုလည်း ချမှတ် အကောင်အထည် ဖော်သွားမည်ဖြစ်သည်။
Source: The Nation