CNI International News

ပြုံယမ်း၊ မတ်လ ၅

တောင်ကိုရီးယားသို့ အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း ရောက်ရှိလာမှုနှင့် အမေရိကန်စစ်တပ်၏ လှုပ်ရှား မှုများကို ပြင်းထန်စွာ တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ဩဇာကြီးမားသည့် ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) က ခြိမ်းခြောက်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ လက်အောက်ခံ နိုင်ငံများသည် ဆောက်တည်ရာမရဘဲ ထိပ်တိုက်တွေ့ရန် ပြင်ဆင်နေကြ ကြောင်း ကင်မ်ယိုဂျုံက မတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။

ကင်မ်ယိုဂျုံ၏ သတိပေးချက်အရ မြောက်ကိုရီးယားသည် အမေရိကန်နှင့် ထိပ်တိုက်တွေ့မည့် ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းထားပြီး လက်နက် စမ်းသပ်မှုများကို အရှိန်မြှင့်တင်နေသည့် လက္ခဏာအား ပြသရာ ရောက်ခဲ့သည်။

အမေရိကန်လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်

အမေရိကန်သည် ယခုနှစ်အတွင်း အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ USS Carl Vinson လေယာဉ်တင်သင်္ဘောကို တောင်ကိုရီးယားသို့ စေလွှတ်မှု၊ အင်အားပြင်း စစ်လက်နက်ပစ္စည်းများကို တောင်ကိုရီးယားတွင် ထားရှိမှုတို့ ပြုလုပ်နေသည်။

ထို့ကြောင့် အမေရိကန်သည် မြောက်ကိုရီးယားအတွက် ရန်အလိုဆုံးနှင့် ထိပ်တိုက် အတွေ့ချင်ဆုံးနိုင်ငံ ဖြစ်နေသည်ကို ပြသနေကြောင်း ကင်မ်ယိုဂျုံက စွပ်စွဲခဲ့သည်။

“မြောက်ကိုရီးယားဟာ ရန်သူရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မယ့် လုပ်ဆောင်ချက်တွေကို စနစ်တကျ လေ့လာနေပြီး မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အမေရိကန်ရဲ့ လက်နက်ပစ္စည်းတွေကို ဖြေရှင်းဖို့ စီစဉ်နေပါ တယ်” ဟု ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။

ကင်မ်ယိုဂျုံ၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားသည် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများ သို့မဟုတ် အမေရိကန်၏ ပင်မကုန်းမြေကို တိုက်ခိုက်နိုင်မည့် အင်အားပြင်း ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်ဖွယ် ရှိနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကင်မ်နဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံကို တွေ့ရစဉ်

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ အမေရိကန်နှင့် ခိုင်မာသည့် စစ်ရေးမဟာမိတ်အပေါ် အခြေခံပြီး မြောက်ကိုရီးယား၏ ရန်လိုမှုများကို တုန့်ပြန်သွားရန် အဆင်သင့်ရှိကြောင်း ကင်မ်ယိုဂျုံ၏ သတိပေးချက်အား ပြန်လည်တုန့်ပြန်ခဲ့သည်။

ကင်မ်ယိုဂျုံ၏ သတိပေးမှုသည် မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းနှင့် အနာဂတ် ရန်လိုမှုများသည် တရားမျှတမှု ရှိသည်ဆိုသည့် ပုံစံမျိုးဖြင့် ဆင်ခြေပေးခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ခရုစ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ၄ ရက် အကြာဖြစ်သည့် မတ်လ ၂ ရက် တွင် အမေရိကန်၏ USS Carl Vinson လေယာဉ်တင်သင်္ဘောနှင့် တိုက်ခိုက်ရေး သင်္ဘောအုပ်စုသည် တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

Source: အေပီ