CNI International News
ကိယက်ဗ်၊ မတ်လ ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်ပြီး ရုရှားနှင့်ဆက်ဆံ ရေး အဆင်ပြေစေရန် လုပ်ဆောင်မှု အပါအဝင် အမေရိကန်၏မူဝါဒများသည် တရုတ်နိုင်ငံကို အကျိုးရှိစေလိမ့် မည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒီမီထရို ကူလီဘာ (Dmytro Kuleba) က ပြောကြားခဲ့သည်။
အိမ်ဖြူတော်တွင် ထရမ့်နှင့် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) တို့ အချေအတင် စကားများ ခဲ့ကြပြီးနောက် ရက်ပိုင်းအကြာမှာ ကူလီဘာက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အမေရိကန်က သူတို့ကိုယ်သူတို့ ယူကရိန်းနဲ့ ဥရောပရဲ့ မဟာမိတ်အဖြစ် သတ်မှတ် မထားတော့တာကို အားလုံး က မြင်တွေ့ခဲ့ရပါတယ်”ဟု ကူလီဘာက ပြောသည်။
ဖေဖော်ဝါရီ ၂၈ ရက်က အိမ်ဖြူတော်တွင် ဇာလန်းစကီးနှင့် စကားများခဲ့ပြီးနောက် ထရမ့်သည် မတ်လ ၃ ရက်၌ ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီများကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမည်မဖော်လိုသည့် အိမ်ဖြူတော် အရာရှိတစ်ဦးကမူ ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆုံးဖြတ်ချက် မချမှတ်ရသေးသည့် အချိန်အထိ စစ်ရေး အကူအညီများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။
အိမ်ဖြူတော်တွင် ဇာလန်းစကီးနှင့် တွေ့ဆုံခဲ့ချိန်၌ ထရမ့်က ဇာလန်းစကီး အနေဖြင့် အမေရိကန်၏ စစ်ရေး အကူအညီအတွက် ယခုထက်ပိုပြီး ကျေးဇူးတင်သင့်ကြောင်း၊ ဇာလန်းစကီးသည် အမေရိကန်၏ အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို ငြင်းပယ်ခြင်းဖြင့် တတိယကမ္ဘာစစ်ကို အလောင်းအစား ပြုလုပ်နေကြောင်း ပြောကြားခဲ့ သည်။
ယူကရိန်းသမ္မတကလည်း ယူကရိန်း၏ သယံဇာတများ တူးဖော်ခွင့်ကို လက်မှတ် ရေးထိုးခြင်းမရှိ၊ အမေရိကန်၏ အကူအညီများကို ရရှိခြင်းမရှိဘဲ အိမ်ဖြူတော်မှ စောစီးစွာ ထွက်ခွာသွားခဲ့သည်။
ကူလီဘာကမူ ထရမ့်သည် ဇာလန်းစကီးကို ဝေဖန်တိုက်ခိုက်ရုံသာ မဟုတ်ဘဲ ယူကရိန်းနိုင်ငံကိုပါ ဝေဖန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဥရော ပခေါင်းဆောင်တွေသာမကဘဲ ကမ္ဘာ့ခေါင်းဆောင် အများစုက အိမ်ဖြူတော်မှာ ဇာလန်းစကီးရဲ့ ခံစားချက်ကို အလွယ်တကူ မှန်းဆနိုင်ခဲ့ကြပါတယ်”ဟု ကူလီဘာက ပြောကြားခဲ့သည်။
“ထရမ့်က တရုတ်ကို အကျိုးရှိစေဖို့ ရည်ရွယ်ချက် မရှိပေမယ့်လည်း လက်ရှိ အခြေအနေတွေအရ ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ အကျိုးအရှိဆုံးကတော့ တရုတ်ဖြစ်ပါလိမ့်မယ်”ဟုလည်း ကူလီဘာက ပြောကြားခဲ့သည်။
Source: South China Morning Post