CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၄

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားနိုင်ငံဝန်ကြီးချုပ် မီခေးလ် မီရှူစတင်၊ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu၊ ဒူးမား လွှတ်တော်ဥက္ကဋ္ဌတို့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မတ်လ ၄ ရက်က သီးခြားစီ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် တွေ့ဆုံရာမှာတော့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr.Vyacheslav Volodin နှင့် တွေ့ဆုံ၍ နိုင်ငံရေးပါတီများ ဖွဲ့စည်းထားမှု အခြေအနေ၊ မြန်မာ-ရုရှား လွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ ၂၀၂၀ ရွေးကောက်ပွဲ မဲစာ ရင်း အငြင်းပွားမှုကနေ နစကမှ တာဝန်ယူခဲ့ရမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံ ဆွေးနွေးစဉ်

ထို့ပြင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကျင်းပချိန်မှာ ရုရှားနိုင်ငံက ထောက်ခံအားပေးသွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr.Vyacheslav Volodin နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

ပြည်ပမှ အကူအညီများ ရယူသည့် ပါတီများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှု အခြေအနေများကို လည်း ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် နစကဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။