CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက်၍ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း နစက-က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌသည် သမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးကို မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်သည်။

ရုရှားခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှား ဒူးမားလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

နစကသည် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး မကြာခဏ ရုရှားသံတမန်များ မြန်မာနိုင်ငံသို့ လာရောက် လေ့ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရုရှားနိုင်ငံကို ရေနက်ဆိပ်ကမ်းစီမံကိန်းအား လုပ်ပိုင်ခွင့်ပေးအပ်သော သဘောတူညီ ချက်တစ်ခုအား လက်မှတ်ရေးထိုးခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၇ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။