CNI International News

ဘေကျင်း၊ ဇူလိုင် ၁၁

တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုများ အငြင်းပွားကာ စစ်ရေးအင်အားကို တည်ဆောက်လာနေ သည့် တရုတ်နှင့် စစ်ပွဲကို ရှောင်လွှဲနိုင်မည့် မူဝါဒကောင်းများ အမေရိကန်မှာ လိုအပ်နေသည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် မကြာသေးမီက ဖိလစ်ပိုင်ရေတပ်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များအကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည်။

ထိုထိပ်တိုက်တွေ့မှုများသည် တရုတ်က ၎င်း၏ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာမှုကို ကာကွယ်ရန် အသင့်ရှိ နေသည်ဆိုသည့် နောက်ထပ် ဥပမာတစ်ခုဖြစ်သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ်ကလည်း တရုတ်နှင့် အိန္ဒိယနယ်စပ်တွင် နှစ်နိုင်ငံစစ်သားများအကြား တုတ်များ၊ ကျောက်ခဲများကို အသုံးပြုပြီး ခိုက်ရန်ဖြစ်ပွားခဲ့သလို ထိုင်ဝမ်အနီးတွင်လည်း တရုတ်က စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ 

ထိုဖြစ်စဉ်များသည် နယ်မြေအငြင်းပွားမှုများနှင့် သက်ဆိုင်သည့် ဖြစ်စဉ်များဖြစ်သည်။

တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောကို မီးသတ်ပိုက်နဲ့ထိုးနေစဉ် 

အမေရိကန်က တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာမှုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် ဂျပန်တို့ဘက်မှ ကူညီပေးသွားမည်ဟု ပြောကြားထားပြီး ထိုင်ဝမ်ကိုလည်း ကာကွယ်ပေးမည့် အကြောင်းကို အရိပ်အမြွက် ပြောကြားထားသည်။

သို့သော် အမေရိကန်အနေဖြင့် နယ်နိမိတ်များ ပိုင်ဆိုင်ရေးအတွက် အဆုံးအထိ တိုက်ခိုက်သွားမည့် တရုတ်၏ သဘောထားကို ကောင်းစွာ နားလည်သဘောပေါက်ရမည်ဖြစ်သလို ယခုထက်ပိုပြီး ထိရောက်သည့် မူဝါဒကို ချမှတ်ရမည်ဖြစ်သည်။ 

သို့မဟုတ်ပါက ပဋိပက္ခဖြစ်ပွားသည့် အန္တရာယ် မြင့်တက်လာမည်ဖြစ်သည်။

တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း အငြင်းပွားမှုများကြောင့် စစ်ပွဲဖြစ်နိုင်သည့် အန္တရာယ်များသည် လက်တွေ့ တည်ရှိနေသည်။ 

၂၀၁၂ ခုနှစ်ကတည်းက တရုတ်သည် ၎င်း၏ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာမှုများကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းအားထုတ်ခဲ့သည်။

ထိုကြိုးပမ်းအား ထုတ်မှုများထဲတွင် တောင်တရုတ်ပင်လယ်အတွင်း စစ်စခန်းများ တည်ဆောက်ခြင်း၊ ဆန်ကာကူ (Senkaku) ကျွန်းစုအနီးတွင် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများကို ပုံမှန်စေလွှတ်ခြင်းတို့ ပါဝင်ခဲ့သည်။

ထိုင်ဝမ်စစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်

ထိုကဲ့သို့ နယ်မြေ အငြင်းပွားမှုများတွင် တရုတ်၏ အတိမ်းအစောင်း မခံနိုင်သည့် အကျိုးစီးပွားများကြောင့် အမေရိကန်အနေဖြင့် မတော်တဆ ထိပ်တိုက်တွေ့မှုများကို ရှောင်လွှဲရန် လိုအပ်မည်ဖြစ်သည်။

မကြာသေးမီက ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များတွင် အမေရိကန်က ခေါင်းအေးအေးထားပြီး စောင့်ကြည့်နိင်ခဲ့သော်လည်း တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာမည်ဆိုပါက အမေရိကန်အနေဖြင့် ဖိလစ်ပိုင်နှင့်ချုပ်ဆိုထားသည့် ကာကွယ်ရေးစာချုပ်အရ ဝင်ပါရဖွယ်ရှိနေသည်။

သို့သော် တရုတ်နှင့် နယ်နိမိတ် အငြင်းပွားနေသည့် ဖိလစ်ပိုင်နှင့် ဂျပန်တို့ကို စစ်ရေးအရ အကာအကွယ်ပေး မည်ဆိုသည့် အမေရိကန်၏ ကတိကဝတ်များသည် ယုံကြည်လက်ခံနိုင်မှု နည်းပါးနေကာ အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုများသည်လည်း အင်ဒို-ပစိဖိတ်ဒေသကို ပိုမိုငြိမ်းချမ်းစေခဲ့ခြင်းမရှိပေ။

ထို့ကြောင့် အမေရိကန် အနေဖြင့် ၎င်းကိုပင် ပြန်လည်ထိခိုက်စေနိုင်သည့် ပဋိပက္ခမျိုးကို ရှောင်လွှဲရန်အတွက် ယခုထက်ပိုပြီး လိမ်မာပါးနပ်သည့် မူဝါဒများချမှတ်ရန် လိုအပ်နေခြင်းဖြစ်သည်။

Source: Asia Times