CNI International News

ဝါရှင်တန် ၊ ဇူလိုင် ၁၁

ယခုနှစ်တွင် ပြုလုပ်မည့် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ရုရှားက သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထပ်မံ အနိုင်ရရှိစေလိုကြောင်း အမေရိကန်ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ရုရှားအနေဖြင့် မည်သူ့ကို အမေရိကန်သမ္မတသစ် ဖြစ်စေချင်သနည်းဆိုသည့် မေးခွန်းကို အမေရိကန် ရွေးကောက်ပွဲ လုံခြုံရေးနှင့်ပတ်သက်ပြီး သတင်းထောက်များက ထိုအရာရှိကို မေးမြန်းခဲ့ရာတွင် ၎င်းက ထရမ့်၏ အမည်ကို တိုက်ရိုက်မပြောခဲ့ပေ။

သို့သော် ရုရှားသည် ထရမ့်ကို ပိုပြီးအနိုင်ရစေလိုသည့် အရိပ်အမြွက်ကို ပြသခဲ့ကြောင်း ထိုအရာရှိက ပြောကြားခဲ့ ပြီး အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းသည် ပြီးခဲ့သည့် ရွေးကောက်ပွဲများကလည်း ရုရှား၏ စိတ်ဝင်စား မှုအပေါ် ခန့်မှန်းမှုများကို ပြောင်းလဲခဲ့ခြင်းမရှိဟု ဆိုသည်။

ဒေါ်နယ်ထရမ့်နဲ့ ပူတင်ကို တွေ့ရစဉ်

"အတိတ်ကာလက ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲတွေမှာ ဘယ်သူ့ကို သမ္မတဖြစ်စေချင်လဲဆိုတဲ့ ရုရှားရဲ့ စိတ်ဝင်စားမှုအပေါ် ကျနော်တို့ရဲ့ ဆန်းစစ်လေ့လာမှုဟာ အပြောင်းအလဲ မရှိခဲ့ပါဘူး။ အမေရိကန်ဟာ ယူကရိန်း ပဋိပက္ခနဲ့ပတ်သက်ပြီး ကြီးမားတဲ့ အခမ်းကဏ္ဍမှာ ပါဝင်နေတာကြောင့် ရုရှားက အမေရိကန်ရွေးကောက်ပွဲကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်"ဟု အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ODNI) မှ အရာရှိတစ်ဦးက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများက ခန့်မှန်းမှုများတွင် ရုရှားသည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲက ဟီလာရီကလင်တန် (Hillary Clinton) နှင့် ယှဉ်ပြိုင်ခဲ့သည့် ထရမ့်အား ကူညီရန် ကြားဝင်စွက်ဖက်မှုများ လုပ်ဆောင်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့သည်။

ထို့အတူ ၂၀၂၀ ပြည့်နှစ်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ယှဉ်ပြိုင်ခဲ့ချိန်ကလည်း ရုရှားသည် အလားတူ လှုပ်ရှားမှုများဖြင့် ထရမ့်ကို ကူညီပေးခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေးများက လေ့လာ သုံးသပ်ခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ ဘိုင်ဒန်ကို တွေ့ရစဉ်

လက်ရှိအချိန်အထိ အမေရိကန်သည် နိုဝင်ဘာလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲအတွက် အစီအစဉ်များ အား  အနှောင့်အယှက်ပေးမည့် နိုင်ငံများ၏ အစီအစဉ်များကို ထောက်လှမ်းတွေ့ရှိခြင်း မရှိသေးကြောင်း အမေရိကန်အရာရှိက ပြောသည်။

သို့သော် ရုရှားသည် မဲရလဒ် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် အမေရိကန်၏ ပြည်နယ်အချို့တွင် နေထိုင်သည့် မဲဆန္ဒရှင်များ၏ သဘောထားကို လွှမ်းမိုးစေရန်အတွက် လူမှုမီဒီယာများနှင့် အခြားနည်းလမ်းများဖြင့် ဆက်လက် ကြိုးပမ်းနေသည်ဟု အမည်မဖော်လိုသည့် ODNI အရာရှိက ပြောသည်။

“ယူကရိန်းအတွက် အမေရိကန်ရဲ့ နောက်ထပ် အထောက်အပံ့တွေကို ဘယ်ကိုယ်စားလှယ်လောင်းက ဆက်လက် ထောက်ခံမလဲ၊ ဘယ်ကိုယ်စားလှယ်လောင်းက ဆန့်ကျင်မလဲဆိုတာကို ရုရှားက တွက်ချက်နေပါတယ်" ဟု အမေရိကန်အရာရှိက ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား