CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁

ရိုးမဘဏ်နှင့်ပတ်သက်ပြီး သတင်းအမှား ထုတ်လွှင့်မှုဖြင့် ခေတ်သစ်မီဒီယာကို တည်ဆဲဥပဒေများဖြင့် တရားစွဲ ဆိုပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟု ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့တွင် ရိုးမဘဏ်က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်တွင် ရိုးမဘဏ်သည် ရှင်းလင်းစွာ ထုတ်ပြန်ပြောကြားလိုသည်မှာ ခေတ်သစ်မီဒီယာတွင် ပါရှိ သည့် ရိုးမဘဏ် ဒါရိုက်တာများ ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခံရခြင်း၊ ထိန်းသိမ်းခံရ ခြင်း စသည့်သတင်းများသည် မဟုတ်မမှန် မသမာသည့် ရည်ရွယ်ချက်နှင့် ထုတ်လွှင့်သည့် သတင်းမှားသာ ဖြစ်ကြောင်း နှင့် နိုင်ငံတော်၏ ငွေရေးကြေးရေးကဏ္ဍနှင့် ငွေကြေးဈေးကွက် မတည်ငြိမ်မှုဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် ယင်းသို့ မတည်ငြိမ်မှုများကြောင့် ပြည်သူများ၏ အကျိုးစီးပွား ထိခိုက်စေရန် ဆောင်ရွက်ချက်များဖြစ် ကြောင်း၊ ထို့ကြောင့် ရိုးမဘဏ်အနေဖြင့် မဟုတ်မမှန် သတင်းဖြန့်ချိသူများကို တည်ဆဲဥပဒေများဖြင့် တရားစွဲ ဆိုပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟု ရိုးမဘဏ်က ထုတ်ပြန်ခဲ့သည်။

ခေတ်သစ်မီဒီယာ ဖော်ပြချက်ကိုတွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့က ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ UAB ဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးရေးဘဏ်တို့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုကာ နစက-က အရေးယူခဲ့သည်။

ထို့နောက် ပြည်သူများအကြား စိုးရိမ်မှုများလွန်ကဲကာ ဘဏ်အပ်နှံငွေများကို ပြန်လည်ထုတ်ယူလာခြင်းကြောင့် ဘဏ်များသည် ထုတ်ယူငွေကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးမှုများ ပေါ်ပေါက်လာခဲ့သည်။

အဆိုပါ အခြေအနေများ ဖြစ်ပေါ်လာပြီးနောက်မှာတော့ နစကအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထဲရေး ဝန်ကြီး၊ ဗဟိုဘဏ်နှင့် ဒုတိယဝန်ကြီးချုပ်တို့သည် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများအား နေပြည်တော်သို့ ခေါ်ကာ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 နစကနဲ့ ဘဏ်လုပ်ငန်းရှင်များတွေ့ဆုံစဉ်

နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက မိမိတို့ နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ကို ကျင့်သုံးနေသည့်အတွက် ဗဟိုဘဏ်နှင့် ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ပါကြောင်း၊ သို့ သော် ယခုအခါတွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှုများသည် နိုင်ငံတော်၏စီးပွားရေး မူဝါဒများကို ထိပါးလာ သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေပါကြောင်း၊ ပြည်သူ လူထု အနေဖြင့်လည်း မလိုအပ်ဘဲ ငွေကြေး အမြောက်အများ ထုတ်ယူခြင်း၊ ကောလာဟလ သတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများ မပြုလုပ်ကြရန်လည်း လိုအပ်ကြောင်း၊ ဘဏ်များ အနေဖြင့် Card စနစ်များ e-Banking ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အလေးထား ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။