CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀

လာအိုနိုင်ငံတွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားလှယ် အနေဖြင့် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦး တက်ရောက် ဆွေးနွေးကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က စတင် ကျင်းပခြင်း ဖြစ်သည်။

မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ် အရေးကို အဓိက ဆွေးနွေးသွားမည်ဟု လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလေးမက်ဆေ ကိုမက်ဆစ်က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာကို ရယူခဲ့သည့် တပ်မတော်ခေါင်းဆောင်များက လာအို နိုင်ငံ၏ သမိုင်းဝင် လူအန်ပါရာဘန် (Luang Prabang) မြို့၌ ကျင်းပနေသော အာဆီယံအစည်းအဝေးကို တက်ရောက်ရန် ပထမဆုံးအကြိမ်အဖြစ် ထိပ်သီးကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ခြင်းသည် ကောင်းမွန်သည့် လက္ခဏာတစ်ရပ် ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က နစကကိုယ်စားလှယ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရစဉ်

"မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ညတွင်းချင်းဖြေရှင်းလို့ မရဘူးဆိုတာ ကျနော်တို့ ဝန်ခံရမှာ ဖြစ်ပေမယ့် ထိတွေ့ဆက်ဆံမှုတွေဟာ အလုပ်ဖြစ်တယ်ဆိုတာ ကောင်းတဲ့ဘက်ကနေ ခံစားသိရှိရပါတယ်" ဟု ကိုမက်ဆစ်က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်ကုန်ပိုင်းကတည်းက အာဆီယံထိပ်သီး အစည်းအဝေးများကို နိုင်ငံရေးကိုယ်စား လှယ် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး စေလွှတ်ခြင်းမှ တားမြစ်ခံခဲ့ရသည်။

သို့သော် လာအိုတွင် ပြုလုပ်သည့် အစည်းအဝေးကိုမူ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်းတစ်ဦး ကို စေလွှတ်ခဲ့ကြောင်း အာဆီယံ အမြဲတမ်းအတွင်းရေးမှူး မာလာ သန်းထိုက် (Marlar Than Htike) က ပြော ကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

နစကဘက်ကတော့ လာအိုနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မည်သူကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ထားခြင်း မရှိပေ။