CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး(SOM)သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ဇူလိုင် ၁၀ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ (၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

SOM အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဦးစားပေး အစီအစဉ်များ၊ အာဆီယံ၏ စွမ်းဆောင်ရည်နှင့် အဖွဲ့အစည်းဆိုင်ရာ ထိရောက်မှုရှိရေးဆိုင်ရာ အကြံပြုချက်များ၊ (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ ထုတ်ပြန်မည့် ကြေညာချက်များ၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံမျှော်မှန်းချက်(AOIP)အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်(TAC)သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးရေး လျှောက်ထားသည့် ကိစ္စရပ်များ၊ အာဆီယံပြင်ပ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ စသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ပုံစာ- ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က ကျင်းပသည့် SOM အစည်းအဝေး တက်ရောက် ကိုယ်စားလှယ်များ ကို တွေ့ရစဉ်

SOM အစည်းအဝေးကို အာဆီယံဆိုင်ရာ အင်ဒိုနီးရှားအဆင့်မြင့် အရာရှိကြီး H.E.Sidharto Reza Suryodipuro က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ် များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ထို့နောက် တီမောလက်စတေနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

တခြားတစ်ဖက်မှာတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာထိုင်ခုံကို အလွတ်ထားကြောင်း သိရသည်။