CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇

အာဆီယံ ဥက္ကဋ္ဌအသစ် လက်ထက်တွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲတစ်ခု ဖြစ်မည်ဟု မျှော်လင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံက စစ်အာဏာရှင်စနစ်ကို အားပေးမှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

စိုင်းလိတ်က “အခု အာဆီယံဥက္ကဋ္ဌအဖြစ် ထမ်းဆောင်မယ့် အင်ဒိုနီးရှားနိုင်ငံက အရှေ့တောင်အာရှမှာ အင်အား အကြီးဆုံး ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်တယ်ပေါ့နော်၊ အဲဒီတော့ သူက အာဏာရှင်စနစ်ကိုတော့ အားပေးမှာ မဟုတ်ဘူး။ ဆိုတော့ ဒီမိုကရေစီ အရေးဖက်ကို ပိုပြီးတော့မှ ဦးတည်အောင် ပိုပြီး အာရုံစိုက်အောင်တော့ သူကတော့ အရင်ကထက် ပိုပြီး ဖိအားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ကမ္ဘောဒီးယားနဲ့ စာရင်တော့ အရွေ့အပြောင်း တစ်ခု တော့ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ” ဟု ပြောသည်။

လက်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်ငံရေး နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ်

ဗိုလ်မှူးကြီးစောကျော်ညွန့်က “လာမယ့် အာဆီယံဥက္ကဋ္ဌ အပြောင်းအလဲ၊ အခင်းအကျဉ်း အပေါ်မှာကတော့ တကယ် ဖြစ်တည်လာတဲ့ အခြေအနေအပေါ်မှာလည်း ကျ‌နော်တို့က အဲဒီကနေ ထွက်ရှိလာတဲ့ ကျ‌နော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ ကျ‌နော်တို့အတွက် အကူအညီ ပံ့ပိုးမှုတွေ ဖြစ်နိုင်မလဲ ဆိုတာတော့ ကျနော်တို့ ပြောနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ၊ လောလောဆယ် အရတော့ ကျနော်တို့ အနေ နဲ့ကတော့ ခုနက ပြောသလိုမျိုးပဲ လက်ရှိ အကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင် ကျနော်တို့ ၇ ဖွဲ့အနေနဲ့ ကတော့ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင် ပံ့ပို့မှုတွေကလည်း လိုအပ်တယ်လို့ ကျနော်တို့ အဲဒီလိုပဲ နားလည်မှုရှိတယ်” ဟု ပြောသည်။

နစကအပေါ် အာဆီယံဖိအားက ကြီးလာပြီး ဒီမိုကရေစီ လှုပ်ရှားသူများအတွက် အင်အားတစ်ခု ဖြစ်လာလိမ့်မည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဆန္ဒပြလူငယ်များကိုတွေ့ရစဉ်

ဦးသန်းစိုးနိုင်က “ကောင်းပါတယ် အခုက ဘာဖြစ်လို့လဲဆိုတော့ အင်ဒိုနီးရှားနိုင်ငံ အလှည့်ကျတာကိုး၊ အင်ဒိုနီးရှား နိုင်ငံကတော့ တော်တော်လေး ဒီမိုကရေစီ အင်အားစုတွေအပေါ်မှာ တော်တော်လေး စာနာထောက်ထားမှုရှိတဲ့ နိုင်ငံဖြစ်တဲ့ အခါကြတော့ စစ်ကောင်စီအပေါ်မှာ ဖိအားတွေ ပေးပြီးတော့ တစ်စုံတစ်ရာ ရလဒ်ဖော်ဆောင်နိုင်မယ့် အင်အားတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်၊ ဥပမာ အာဆီယံက ချမှတ်ထားတဲ့ မူ ၅ ရပ် ကို အကောင်အထည် ဖော်ရေးဆိုတဲ့ကိစ္စမှာ အခုက ရက်ချိန်း သတ်မှတ်ထားတာကို အဲဒီတော့ ဒီဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားနိုင်ငံက အကောင်အထည် ဖော်ပေးလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

မကြာခင်က သက်တမ်းကုန်ဆုံးခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်၍ အင်ဒိုနီးရှားနိုင်ငံက လွှဲပြောင်း တာဝန်ယူခဲ့ကြောင်း သိရသည်။