CNI International News

ဆိုးလ်၊ဇန်နဝါရီ ၃၀

အမေရိကန်သည် ခေတ်သစ် ပင်လယ်ဓားပြနိုင်ငံနှင့် ဆင်တူကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

မကြာသေးမီးက အမေရိကန်သည် အီရန်၏ ရေနံများကို သိမ်းယူခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်သည် အမေရိကန်၏ လောင်စာတင်သင်္ဘော St Nikolas ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ ထိုလုပ်ဆောင်မှုသည် အမေရိကန်ကို လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ ရေနံ ခိုးယူမှုများကို ခွင့်ပြုပေးထားသည့် နေ့ရက် များ ကုန်ဆုံးပြီဖြစ်ကြောင်း အီရန်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

"အခုလုပ်ဆောင်ချက်က မျက်မှောက်ခေတ် ပင်လယ်ဓားပြနိုင်ငံဖြစ်တဲ့ အမေရိကန်အတွက် သဘာဝကျတဲ့ အပြစ်ပေးမှု တစ်ခုလို့ ယူဆနိုင်ပါတယ်။ အမေရိကန်ဟာ တခြားနိုင်ငံတွေရဲ့ သယံဇာတတွေကို လုယူတဲ့ ရာဇတ်ဝတ်မှုကို ကျူးလွန်ဖို့ တုန့်ဆိုင်းနေခြင်းမရှိပါဘူး" ဟု အီရန်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ အိမ်ဖြူတော်ကို တွေ့ရစဉ်

၂၀၂၀ ပြည့််နှစ်က ဗင်နီဇွဲလားနိုင်ငံသို့ ဦးတည်မောင်းနှင်နေသည့် အီရန်ရေနံတင်သင်္ဘောနှင့် ၂၀၂၁ ခုနှစ်က ယူအေအီးနိုင်ငံ၏ ရေပြင်များတွင် မောင်းနှင်နေသည့် အီရန်ရေနံတင် သင်္ဘောတို့ကို အမေရိကန် ဖမ်းဆီးခဲ့သော ဖြစ်စဉ်များအပါအဝင် အခြားဖြစ်စဉ်အချို့ကိုလည်း KCNA က ရည်ညွှန်းဖော်ပြခဲ့သည်။

ထို့ပြင် အမေရိကန်သည် ဆီးရီးယားနိုင်ငံထံမှ ရေနံများနှင့် အစားအစာများကိုလည်း ခိုးယူခဲ့ကြောင်း KCNA က ၂၀၂၃ ခုနှစ်တွင် စွပ်စွဲခဲ့ဖူးသည်။

" ဓားပြတိုက်၊ လုယက်မှုတွေကို အမြဲတမ်းလုပ်နေတဲ့ အမေရိကန်ဟာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် အရှက်ရ သင့်ပါတယ်။ အီရန်က အမေရိကန် သင်္ဘောကို ပြန်လည် ဖမ်းဆီးတာဟာ သဘာဝကျတဲ့ လက်တုန့်ပြန်မှုဖြစ်ပါ တယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

ဇန်နဝါရီ ၁၁ ရက်က အိုမန် ပင်လယ်ကွေ့ (Gulf of Oman) တွင် အီရန်တို့ ဖမ်းဆီးခဲ့သည့် အမေရိကန်ရေနံတင် သင်္ဘောပေါ်တွင် ဂရိ ကပ္ပတိန်တစ်ဦးနှင့် ဖိလစ်ပိုင်သင်္ဘောသား ၁၈ ဦးတို့ ပါဝင်ကြောင်း ဂရိ ပင်လယ်ရေကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

Source: တာ့စ်