CNI International News
လူအန် ပရာဘန်၊ ဇန်နဝါရီ ၃၀
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင် လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ)၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ် ၏ လှုပ်ရှားမှုများ မြင့်တက်လာသော အခြေအနေကို အဓိကထား ဆွေးနွေးခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဆွေးနွေးမှုများအတွင်း အာဆီယံနိုင်ငံများသည် မြန်မာ့အရေးကို ဖြေရှင်းမှုနှင့် တောင်တရုတ်ပင်လယ်အရေးကို ဖြေရှင်းမှုများတွင် တိုးတက်မှုရှိနေသည့် အလားအလာအား အပြုသဘောဆောင်သည့် ရှုထောင့်မှ ဖော်ပြခဲ့ကြ ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီး ဆလေးမက်ဆေ ကိုမက်ဆစ် (Saleumxay Kommasith)က ပြောကြားခဲ့ သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူပေါင်း ၂ ဒသမ ၆ သန်းကျော်ကို လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုထောက်ပံ့ပေးရန် အစီအစဉ်အား ဆက်လက် လုပ်ဆောင်နေသည်ဟု ကိုမက်ဆစ်က ပြောသည်။
လာအိုနိုင်ငံခြားရေးဝန်ကြီး ကိုမက်ဆစ်ကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာကို ရယူခဲ့သည့် တပ်မတော်ခေါင်းဆောင်များက လာအိုနိုင်ငံ၏ သမိုင်းဝင် လူအန် ပါရာဘန် (Luang Prabang) မြို့၌ ကျင်းပနေသော အာဆီယံအစည်းအဝေးကို တက်ရောက်ရန် ပထမဆုံးအကြိမ်အဖြစ် ထိပ်သီးကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့ခြင်းသည် ကောင်းမွန်သည့် လက္ခဏာတစ်ရပ် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
"မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ညတွင်းချင်းဖြေရှင်းလို့ မရဘူးဆိုတာ ကျနော်တို့ ဝန်ခံရမှာ ဖြစ်ပေမယ့် ထိတွေ့ဆက်ဆံမှုတွေဟာ အလုပ်ဖြစ်တယ်ဆိုတာ ကောင်းတဲ့ဘက်ကနေ ခံစားသိရှိရပါတယ်" ဟု ကိုမက်ဆစ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်ကုန်ပိုင်းကတည်းက အာဆီယံထိပ်သီး အစည်းအဝေးများကို နိုင်ငံရေးကိုယ်စားလှယ် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး စေလွှတ်ခြင်းမှ တားမြစ်ခံခဲ့ရသည်။
မည်သို့ပင်ဆိုစေ လာအိုတွင် ပြုလုပ်သည့် အစည်းအဝေးကိုမူ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်း တစ်ဦးကို စေလွှတ်ခဲ့ကြောင်း အာဆီယံ အမြဲတမ်းအတွင်းရေးမှူး မာလာ သန်းထိုက် (Marlar Than Htike) က ပြောကြားခဲ့သည်။
မြန်မာကိုယ်စားလှယ်ကိုတွေ့ရစဉ်
ထိုသို့ ကိုယ်စားလှယ် စေလွှတ်မှုသည် အပေါင်းလက္ခဏာ တစ်ခုဖြစ်ကြောင်း ကိုမက်ဆစ်က ပြောသည်။
အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် လာအိုတို့ ပါဝင်သည့် အာဆီယံ ၁၀ နိုင်ငံ၏ လူဦးရေ စုစုပေါင်းသည် သန်း ၆၅၀ နီးပါးရှိပြီး ဂျီဒီပီ စုစုပေါင်းသည် ဒေါ်လာ ၃ ထရီလျံကျော်ရှိသည်။
ကုန်းတွင်းပိတ် နိုင်ငံဖြစ်သည့် လာအိုသည် ယခုနှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ရရှိထားသည်။
လာအိုသည် အာဆီယံအဖွဲ့ထဲတွင် အဆင်းရဲဆုံးနိုင်ငံ ဖြစ်သည်။
Source: အေပီ