CNI International News

ဗီယန်ကျင်း၊ အောက်တိုဘာ ၉

လာအိုနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၌ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် တောင်တရုတ်ပင်လယ်မှာ တင်းမာမှုများ မြင့်တက်လာသည့် အခြေအနေများကို အဓိကထား ဆွေးနွေးမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည့် အာဆီယံကို စတင်ထူထောင်ခဲ့သည့် ၁၉၆၇ ခုနှစ်နောက်ပိုင်း ရှုပ်ထွေးသော နိုင်ငံရေး အခြေအနေများကို ဒေသတွင်း ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းနိုင်ခဲ့သည်။

သို့သော် လူဦးရေ စုစုပေါင်း ၆၈၅ သန်းရှိသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား မတူကွဲပြားမှုများ မြင့်တက်လာ ခဲ့သဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းရန် မစွမ်းဆောင်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီ ဂါဝါ (Marty Natalegawa) က ပြောကြားခဲ့သည်။

လာအိုကိုယ်စားလှယ်ကို တွေ့ရစဉ်

"တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာ့အရေးဟာ အာဆီယံအတွက် စမ်းသပ်မှုတွေ ဖြစ်လာခဲ့ပါတယ်" ဟု နာတာလီဂါဝါက ရိုက်တာကို ပြောကြားခဲ့သည်။

"ကျနော့်ရဲ့ အဓိကစိုးရိမ်မှုကတော့ အာဆီယံရဲ့ ပေါင်းစည်းညီညွတ်မှု သဘောထားနဲ့ မကြာသေးခင်နှစ်တွေက လျော့ကျလာတဲ့ ဘုံရည်မှန်းချက် သဘောတရားတွေ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာ့တပ်မတော်က အာဏာကို ရယူခဲ့ပြီးနောက် လအနည်းငယ် အကြာဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက်ဟု လူသိများသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တိုးတက်မှု အနည်းငယ်သာရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး အားထုတ်ကြိုးပမ်းမှုများအစား တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး စစ်မျက်နှာ အများအပြား၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုင်းနဲ့စကာပူနိုင်ငံခြားရေး၀န်ကြီးကို တွေ့ရစဉ်

အင်ဒိုနီးရှား၏ အာဆီယံဥက္ကဋ္ဌ လက်ထက်တွင် တရုတ်နှင့် အိန္ဒိယကဲ့သို့ မြန်မာ၏ အိမ်နီးချင်းနိုင်ငံများ ပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့သည့် မအောင်မြင်သော ချဉ်းကပ်မှုကို လာအို၏ အာဆီယံဥက္ကဋ္ဌ လက်ထက်၌ ပြောင်းလဲခဲ့သည်ဟု ထိုင်းနိုင်ငံ၏ သမ္မာဆက် တက္ကသိုလ် (Thammasat University) မှ အရှေ့တောင်အာရှရေးရာ လေလာသုံးသပ်သူ ဒူလ်ယာပက် ပရီချာရပ်ချ် (Dulyapak Preecharush) က ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ မြန်မာ့တပ်မတော်သည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့များသည် နိုင်ငံကိုဖျက်ဆီးနေသည့် အကြမ်းဖက် သမားများဟု သတ်မှတ်ခဲ့ကာ အာဆီယံကလည်း ဘုံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ရန် ပျက်ကွက်မှုဖြင့် တပ်မတော်ခေါင်းဆောင်များကို ထိပ်သီး အစည်းအဝေးများ၌ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ခဲ့သည်။

Source: ရိုက်တာ