CNI International News

မနီလာ ၊ အောက်တိုဘာ ၈

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ (Yoon Suk Yeol )နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ( Ferdinand Marcos Jr )တို့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အောက်တိုဘာ ၇ ရက်တွင် သဘောတူညီခဲ့ကြကြောင်း SCMP မှ ဖော်ပြခဲ့သည်။

ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုများ မြင့်တက်နေစဉ် ၎င်းတို့နှစ်နိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးကို တိုးမြှင့်သည့်အနေဖြင့် ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် ဖိလစ်ပိုင်သမ္မတ နန်းတော်တွင် တွေ့ဆုံဆွေးနွေးစဉ် တောင်တရုတ်ပင်လယ်နှင့် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ အပါအဝင် ပြဿနာရပ်များကို ဆွေးနွေးခဲ့ကြပြီး ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုနှင့် နျူကလီးယား စွမ်းအင်ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။

"သမ္မတမားကို့စ်နဲ့ ကျနော်တို့က မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်အထိ တိုးမြှင့်ပြီး ကျနော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို အခန်းသစ်တစ်ရပ် ဖွင့်လှစ်လိုက်ပါတယ်"ဟု ယွန်းက မနီလာခရီးစဉ်တွင် ပြောကြား ခဲ့သည်။

ယွန်းသည် ဆယ်နှစ်ကျော်အတွင်း ဖိလစ်ပိုင်သို့ ပထမဆုံး သွားရောက်သည့် တောင်ကိုရီးယား ခေါင်းဆောင် ဖြစ်လာခဲ့ကာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖိလစ်ပိုင်သို့ ရောက်ရှိလာသော ပထမဆုံး တောင်ကိုရီးယားသမ္မတ ဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်

မားကို့စ်နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ယွန်းက ၎င်း၏နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေချိန်၌ ၎င်း၏စစ်ဘက်ဆိုင်ရာ လုံခြုံမှုကို အဆင့်မြှင့်တင်ရန် ဖိလစ်ပိုင်၏ ဒေါ်လာ ဘီလျံချီ ကုန်ကျသည့် ကြိုးပမ်းဆောင်ရွက်မှု နောက်ဆုံး အခြေအနေတွင် တက်ကြွစွာ ပူးပေါင်းပါဝင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေ့လာစောင့်ကြည့်သူများကမူ ယွန်း၏ ကြုံတောင့်ကြုံခဲ ဖိလစ်ပိုင်ခရီးစဉ်သည် ဒေသတွင်း တရုတ်၏ စစ်ရေး လှုပ်ရှားမှုများကို တန်ပြန်ရန်နှင့် တောင်ကိုရီးယားသည် အင်အားအကြီးဆုံး စူပါပါဝါ (Super power) နိုင်ငံ မဟုတ်သည့်တိုင် အင်အား အလယ်အလတ်ရှိသည့် မစ်ဒယ်ပါဝါ (Middle Power) နိုင်ငံဖြစ်သည့် အကြောင်းကို ပြသရန် ဖြစ်နိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။

ယွန်း၏ ခရီးစဉ်သည် အနောက်ပစိဖိတ်ဒေသတွင် လွတ်လပ်ပွင့်လင်းပြီး စည်းမျဉ်း အခြေပြုသည့် အခင်းအကျင်း တစ်ခုဖြစ်စေရန် အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့ကဲ့သို့ စိတ်သဘောထားချင်း တူညီသည့် နိုင်ငံများနှင့် ဆက်ဆံရေး နီးစပ်လိုသည့် တောင်ကိုရီးယား၏ ရည်ရွယ်ချက်ကို ပြသရာ ရောက်နေသည်ဟုလည်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည် အခါသမယတွင် ယွန်း၏ ခရီးစဉ်သည် အလွန်အရေးကြီးသည့် အခိုက်အတန့်တစ်ခုလည်း ဖြစ်ခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ် လီဆန်ဟွာ (Lee Sang-hwa) က ပြောကြားခဲ့သည်။

Source: SCMP