CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၉

နျူကလီးယား လက်နက်များနှင့်အတူ မြောက်ကိုရီးယားစစ်တပ်ကို စူပါပါဝါ ဖြစ်လာအောင် အားထုတ်ကြိုးပမ်းမှု များကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြောကြားခဲ့ကြောင်း KCNA မှ ဖော်ပြခဲ့သည်။

ထို့ပြင် ရန်သူများ၏ တိုက်ခိုက်မှုကို ခံရမည်ဆိုပါက နျူကလီးယား လက်နက်များကို အသုံးမပြုဘဲ နေမည် မဟုတ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA  သတင်းအေဂျင်စီမှ အောက်တိုဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။

ကင်မ်သည် သီတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ (Yoon Suk Yeol) ၏ အမည်ကို ထည့်သွင်းပြောဆိုခဲ့ပြီး တောင်ကိုရီးယားသည် အမေရိကန်နှင့်ပူးပေါင်း၍ ဒေသတွင်း တည်ငြိမ်ရေးကို ဖျက်ဆီးနေသည်ဟု ဝေဖန်ခဲ့သည်။

ကင်မ်ဂျုံအန် အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန်းပြောနေစဉ်

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်များ အသုံးပြုမည်ဆိုလျှင် ကင်မ်ဂျုံအန် အစိုးရ၏ အဆုံးသတ် ဖြစ်လာလိမ့်မည်ဟု စက်တင်ဘာ ၃၀ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် ပြုလုပ်သည့် တောင်ကိုရီးယား စစ်ရေးပြ အခမ်းအနား၌ ယွန်းက ပြောကြားခဲ့သည်။

"ယွန်းဆော့ရွဲဟာ သူ့ရဲ့ မိန့်ခွန်းထဲမှာ မြောက်ကိုရီးယားရဲ့ အဆုံးသတ်နဲ့ပတ်သက်ပြီး အခြေအမြစ်မရှိဘဲ ရိုင်းပျတဲ့ မှတ်ချက်အချို့ကို ပြောခဲ့ပါတယ်။ ဒါက ဘာကိုပြနေလဲဆိုရင် သူ့ဆရာ (အမေရိကန်) ရဲ့ အင်အားကို မျက်စိမှိတ် ပြီး ယုံကြည်နေတယ်ဆိုတာကို ပြသနေပါတယ်" ဟု ကင်မ်က ပြောသည်။

ရိုးသားစွာ ပြောရမည်ဆိုပါက မိမိတို့သည် တောင်ကိုရီးယားကို တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံး၀မရှိကြောင်း ကင်မ်က အထူးစစ်ရေးကျွမ်းကျင်သူများအား မွမ်းမံသင်တန်းပေးသည့် ကင်မ်ဂျုံအန် အမျိုးသား ကာကွယ်ရေး တက္ကသိုလ် (Kim Jong Un National Defense University) တွင် မိန့်ခွန်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

"စစ်အင်အား အသုံးပြုမှုနဲ့ပတ်သက်ပြီး ကျနော့်ရဲ့ သဘောထားကို ပြောတဲ့အချိန်တိုင်း တကယ်လို့ဆိုတဲ့ စကားလုံးကို အမြဲတမ်း အသုံးပြုခဲ့ပါတယ်။ တကယ်လို့ ရန်သူတွေက ကျနော်တို့ကို အင်အားသုံး တိုက်ခိုက် လာမယ်ဆိုရင် မြောက်ကိုရီးယား စစ်တပ်ကလည်း ရှိရှိသမျှ ထိုးစစ်အင်အား အားလုံးကို အသုံးပြုဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ အဲဒီထဲမှာ နျူကလီးယားလက်နက် အသုံးပြုမှုလည်း ပါဝင်ပါတယ်" ဟု ကင်မ်က ပြောကြားခဲ့သည်။

မိမိတို့၏ အစီအစဉ်များသည် စူပါပါဝါ စစ်တပ်ဖြစ်လာရေးနှင့် နျူကလီးယား အင်အားကို အရှိန်မြှင့်တင်ရေးတို့ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

မြောက်ကိုရီးယားသည် နျူကလီးယား စီမံကိန်းကို ဆယ်စုနှစ်များစွာကြာ လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် ဒါဇင်နှင့်ချီ သည့် နျူကလီးယားလက်နက် ထိပ်ဖူးများပြုလုပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ လုံလောက်စွာ ရှိနေနိုင် သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ