CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၉

အရှေ့အလယ်ပိုင်းဒေသ၏ မိုင် ၂၀၀၀ နီးပါး ကျယ်ဝန်းသည့် နယ်မြေများတွင် အစ္စရေးက အီရန်၏ မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်နေမှုကြောင့် အရှေ့အလယ်ပိုင်း အင်အားချိန်ခွင်လျှာသည် ပြောင်းလဲလာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

၂၀၀၃ ခုနှစ်က အမေရိကန်သည် အီရတ်ကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်သည် ဆယ်စုနှစ် ၂ စုကြာ ဩဇာလွှမ်းမိုးမှု မြင့်တက်လာခဲ့သော်လည်း ယခုအခါတွင် အစ္စရေး၏ တိုက်ခိုက်မှုများသည် အီရန်ကိုပါ ခြိမ်းခြောက် လာခဲ့သဖြင့် အီရန်၏ ဆယ်စုနှစ် ၂ စုကြာ ဩဇာလွှမ်းမိုးမှုသည် အဆုံးသတ်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဝါရှင်တန် (Washington) ၊ တဲလ်အဗစ် (Tel Aviv) နှင့် ဂျေရုဆလင် (Jerusalem) အပါအဝင် အာရပ်နိုင်ငံများမှ မြို့တော်များတွင်ရှိသည့် အစ္စရေးထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား အမေရိကန်၏ နောက်ထပ် ရွှေ့ကွက်ပေါ် ထင်ကြေးပေးမှုများ အမျိုုးမျိုးထွက်ပေါ်နေသည်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသော အဆောက်အအုံကို တွေ့ရစဉ်

အစ္စရေးကမူ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာနှင့် ယီမင်ရှိ ဟူရ်သီ အဖွဲ့များကိုပါ နည်းဗျူဟာမြောက် အသာစီးရယူ တိုက်ခိုက်နေချိန်တွင် ဂါဇာရှိ ဟားမာ့စ်အဖွဲ့ကိုလည်း ပြင်းထန်စွာ နှိမ်နင်းလျက်ရှိသည်။

အတိတ်ကာလက သမိုင်းတစ်လျှောက် အာဏာရှင်များ ကျဆုံးခန်းကဲ့သို့ အီရန်အစိုးရလည်း မကျဆုံးမချင်း အစ္စရေးအနေဖြင့် အမေရိကန်၏ ထောက်ခံမှုကို အပြည့်အ၀ ရယူသင့်သည်ဟု ဝါရှင်တန်ရှိ ဒီမိုကရေစီ ကာကွယ်ရေးဖောင်ဒေးရှင်းမှ ထိပ်သီးအကြံပေးပုဂ္ဂိုလ် ရစ်ချက် ဂိုးလ်ဘာ့ချ် (Richard Goldberg) က ပြောကြားခဲ့သည်။

ထို့ပြင် ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့ အနေဖြင့်လည်း အစ္စရေးနှင့်ပူးပေါင်းပြီး အီရန်ကို တိုက်ရိုက် တိုက်ခိုက်ရန် အစ္စရေးအမျိုးသားလုံခြုံရေးကောင်စီ၏ ထိပ်သီးအဖွဲ့ဝင်ဟောင်း ယိုအယ် ဂူဇန်စကီး (Yoel Guzansky) က ပြောကြားခဲ့သည်။

ဒုံးကျည်တစ်စင်းကိုတွေ့ရစဉ်

"အဲဒီလို တိုက်ခိုက်လိုက်မယ်ဆိုရင် 'ငါတို့ကို လာမရှုပ်နဲ့' ဆိုတဲ့ သတင်းစကားမျိုး အီရန်ကို ပေးပို့သလို ဖြစ်သွားပါလိမ့်မယ်" ဟု ဂူဇန်စကီးက ပြောကြားခဲ့သည်။

မည်သူပင်ဆိုစေ အီရတ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဆက်ဒမ်ဟူစိန် (Saddam Hussein) ကို ဖြုတ်ချခဲ့သည့် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုမှ သင်ခန်းစာများအား ယူရမည်ဟုလည်း လေ့လာသူများက ပြောကြားခဲ့သည်။

ထိုအချိန်က အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် (George W. Bush) သည် အီရန်၏ ဩဇာကြီးထွားလာမည့် အရေးကို သတိပေးခဲ့သည့် အာရပ်ကမ္ဘာ၏ သတိပေးမှုများကို လျစ်လျူရှုခဲ့သဖြင့် ဒေသတွင်း အီရန်ကို ဩဇာ လွှမ်းမိုးစေသော အခြေအနေသို့ တွန်းပို့ပေးခဲ့ကြောင်း၊ ယခုအကြိမ်တွင် ဂရုတစိုက် ကိုင်တွယ်လုပ်ဆောင်သင့် သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: အေပီ