CNI International News

ဝါရှင်တန်၊ ဩဂုတ် ၉

ဟားမာ့စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ (Ismail Haniyeh) သတ်ဖြတ်ခံရမှုကို လက်တုန့်ပြန်သည့် အနေဖြင့် အီရန်သည် အစ္စရေးအား ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုပြုလုပ်မည့် အစီအစဉ်ကို စဉ်းစားနေဖွယ်ရှိသည်ဟု Politico သတင်းဝက်ဘ်ဆိုက်၏ ရေးသားချက်ကို ကိုးကားပြီး တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ဟာနီယာ သတ်ဖြတ်ခံရမှုကို အီရန်က တစ်နည်းနည်းဖြင့် တုန့်ပြန်လိမ့်မည်ဟု အစ္စရေးက သုံးသပ်ထားမည်ဖြစ် ကြောင်း၊ သို့သော် အီရန်အစိုးရသည် ၎င်းတို့၏ တုန့်ပြန်ရေးအစီအစဉ်ကို အလေးအနက် ဆင်ခြင်စဉ်းစားနေပြီး အစ္စရေးကို ချက်ချင်း တိုက်ခိုက်လိမ့်မည်ဟု အမေရိကန်က မျှော်လင့်မထားကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Politico က ဖော်ပြခဲ့သည်။

အစ္စရေးကို စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး ပြန်လည်စဉ်းစားရန်အတွက် အီရန်ကို နားချရန် အရှေ့အလယ်ပိုင်းမှ မဟာမိတ်များအား အမေရိကန်က သံတမန်နည်းလမ်းများဖြင့် ချဉ်းကပ်ဆောင်ရွက်နေ ကြောင်း အမေရိကန်ထိပ်သီး အရာရှိနှစ်ဦးက ပြောကြားခဲ့သည်ဟု ဆိုသည်။

အီရန်နဲ့ အစ္စရေးကို စစ်လက်နက်ကိုတွေ့ရစဉ်

အီရန်သည် အစောပိုင်းက ငြင်းဆိုခဲ့သည်လည်း နောက်ပိုင်းတွင် အမေရိကန်၏ အတွေးအခေါ်ကို လက်ခံပုံ ပေါ်ကြောင်းလည်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Politico က ဖော်ပြခဲ့သည်။

အီရန်နိုင်ငံ၊ တီဟီရန် (Tehran) မြို့တော်တွင် ဟားမာ့စ်အဖွဲ့ခေါင်းဆောင် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှု၊ လက်ဘနွန်နိုင်ငံ၊ ဘေရွတ် (Beirut) မြို့တော်တွင် ဟစ်ဇ်ဘိုလာအဖွဲ့တပ်မှူး ဖူအက်ရှူကာ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များကြောင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

အီရန်၊ ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာ အဖွဲ့တို့ကမူ ထိုတိုက်ခိုက်မှုများအတွက် အစ္စရေးကို ပြစ်တင်ဝေဖန်ခဲ့ပြီး လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

Source: တာ့စ်