CNI International News

ဂျေရုဆလင်၊ ဩဂုတ် ၆

ဟစ်ဇ်ဘိုလာနှင့် ဟားမာ့စ်ခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် လက်တုန့်ပြန်သည့် အနေဖြင့် အီရန်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ ဖြစ်လာနိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် အစ္စရေးက ကြိုတင်ပြင်ဆင်ထားသည်။

အမေရိကန်ကမူ ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ရန် တိုက်တွန်းနေချိန်တွင် ဒေသတွင်း အစ္စရေးက ခံစစ်တပ်ကူများကို စေလွှတ်ခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။

ဩဂုတ် ၄ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က အစ္စရေးသည် အီရန်၏ မိစ္ဆာဝင်ရိုးစွန်းအဖွဲ့များနှင့် စစ်မျက်နှာပေါင်းစုံ ဖွင့်ထား ကြောင်း ပြောကြားခဲ့သည်။

"ကျနော်တို့ဟာ ဘယ်အဖွဲ့ကိုမဆို ကြီးမားတဲ့ အင်အားနဲ့ တိုက်ခိုက်နေပါတယ်။ ဒါအပြင် ထိုးစစ်အတွက်ရော ခံစစ်အတွက်ပါ ဘယ်လို အခြေအနေမျိုးမှာမဆို ကြိုတင်ပြင်ဆင်ထားပါတယ်" ဟု နေတန်ယာဟုက ပြောကြား ခဲ့သည်။

အစ္စရေးနိုင်ငံအနီးသို့ လေယာဉ်တင် သင်္ဘောတစ်စီး စေလွှတ်ပြီး အရှေ့အလယ်ပိုင်းဒေသသို့ တိုက်လေယာဉ် အုပ်စုတစ်စု စေလွှတ်ထားသည့် အမေရိကန်ကလည်း ၁၀ လနီးပါး ကြာမြင့်လာပြီဖြစ်သော ဂါဇာစစ်ပွဲကို အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ အရှိန်မြှင့်တင်ရန် နေတန်ယာဟုကို တိုက်တွန်းလျက်ရှိသည်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ကို တွေ့ရစဉ်

စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများကလည်း ဩဂုတ် ၄ ရက်တွင် ဗွီဒီယိုဆက်သွယ်မှုမှ တစ်ဆင့် ပြုလုပ်သည့် ဆွေးနွေးမှု၌ ဒေသတွင်းပဋိပက္ခ ပိုမိုကျယ်ပြန့်လာမည့် အရေးကို စိုးရိမ်ကြောင်း ပြောကြား ခဲ့ကြသည်ဟု အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) က အရှေ့အလယ်ပိုင်းတွင် တင်းမာမှု လျှော့ချရေးကို အရေးတကြီး လိုအပ်ကြောင်းကို G-7 နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နေတန်ယာဟုကမူ ဟားမာ့စ်အဖွဲ့၏ တောင်းဆိုမှုများ တစ်ခုပြီးတစ်ခု ပြောင်းလဲနေခြင်းသည် အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးမှုအတွက် ပြဿနာဖြစ်နေကြောင်း ပြောကြားခဲ့သော်လည်း အစ္စရေးသည်လည်း ၎င်း၏တောင်းဆို ချက်များကို ပြောင်းလဲနေသည်ဟု လေ့လာသူများက ဝေဖန်ခဲ့သည်။

အီရန်နှင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင်များကမူ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟားမာ့စ်အဖွဲ့ခေါင်းဆောင်နှင့် ဟစ်ဇ်ဘိုလာတပ်မှူး လုပ်ကြံသတ်ဖြတ်ခံရမှုကို လက်တုန့်ပြန်သွားမည်ဟု သတိပေးခဲ့သည်။

အစ္စရေးအရာရှိများက ဖြစ်လာနိုင်ခြေရှိသည့် တိုက်ခိုက်မှုများသည် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၊ ယီမင်နိုင်ငံရှိ ဟူရ်သီအဖွဲ့နှင့် အီရန်နိုင်ငံတို့ထံမှ စတင်ပေါ်ပေါက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

Source: Japan Times