CNI International News

ဘန်ကောက်၊ ဩဂုတ် ၆

ထိုင်းနိုင်ငံ၏ အတိုက်အခံ Move Forward ပါတီ ဖျက်သိမ်းခံရမည်ဆိုပါက ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) တွင် နေရာတစ်နေရာ ရရှိရေးအတွက် ထိုင်းနိုင်ငံ၏ တတိယ အကြိမ်မြောက် အားထုတ်ကြိုးပမ်းမှုကို ထိခိုက်စေနိုင်ကြောင်း ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သတိပေးခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

Future Forward ပါတီ ခေါင်းဆောင်ဟောင်း သာနာသွန်း ဂျူအန်ရွန်ရူအန်ကစ် (Thanathorn Juangroo ngruangkit) ဦးဆောင်သည့် Progressive movement အဖွဲ့၏ အဓိကအဖွဲ့ဝင် တစ်ဦးဖြစ်သည့်  ချမ်နန် ချန်ရူအန် (Chamnan Chanruang) က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို သတိပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံသည် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ အာရှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးများနှင့် တူညီသော အင်စတီကျူးရှင်းများအသင်း (AACC) ၏ ဆဋ္ဌမအကြိမ်မြောက် စာတမ်းဖတ်ပွဲကို ဘန်ကောက်မြို့ တော်တွင် လက်ခံကျင်းပ သွားမည်ဟုလည်း ချမ်နန်က ပြောကြားခဲ့သည်။

ထိုစာတမ်းဖတ်ပွဲကို နိုင်ငံ ၁၉ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးများနှင့် တူညီသော အင်စတီကျူးရှင်း များ၏ ဥက္ကဋ္ဌများ တက်ရောက်လိမ့်မည်ဖြစ်ပြီး MFP ဖျက်သိမ်းခံရမည်ဆိုပါက ထိုနိုင်ငံများမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌများ၏ မေးခွန်းများကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက မည်ကဲ့သို့ အဖြေပေးမည်ကို သိချင်သည်ဟုလည်း ချမ်နန်က ပြောကြားခဲ့သည်။

UNHRC ကိုတွေ့ရစဉ်

ထိုင်းသည် UNHRC တွင် နေရာ တစ်နေရာရရန် ယခင်ကလည်း ကြိုးပမ်းခဲ့ဖူးသော်လည်း ၂၀၁၄ အာဏာသိမ်းမှု နှင့် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကြောင့် UNHRC တွင် နေရာရခဲ့ခြင်းမရှိပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် MFP အား ဖျက်သိမ်းရန် တောင်းဆိုထားသည့် ရွေးကောက်ပွဲကော်မရှင် ၏ အသနားခံစာကို ပယ်ချပြီး MFP ကို လွတ်ငြိမ်းခွင့် ပေးဖွယ်ရှိနေသည်ဟုလည်း ယုံကြည်ကြောင်း ချမ်နန်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် MFP အား တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်မည့် လှုပ်ရှားမှု များအား ရပ်တန့်ရန် ဇန်နဝါရီလက စီရင်ချက်ချခဲ့ပြီးနောက် MFP နှင့် MFP ခေါင်းဆောင်ဟောင်း ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) သည် တော်ဝင်အသရေဖျက်မှု ဥပဒေနှင့်ပတ်သက်သည့် ၎င်းတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ခဲ့သည်။

အကယ်၍ တရားရုံးက MFP ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပါက MFP ပါတီဝင်များနှင့် လွှတ်တော်အမတ်များသည် ပါတီအသစ်တစ်ခုကို ထပ်မံထူထောင်လိမ့်မည်ဖြစ်ပြီး တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆက်လက် ကြိုးပမ်းသွားလိမ့်မည်ဟု ချမ်နန်က ပြောကြားခဲ့သည်။

Source: Thai PBS World