CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၇

ထိုင်းနိုင်ငံ၏ အတိုက်အခံ ပါတီဖြစ်သည့် Move Forward ပါတီ (MFP) သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းသော ဥပဒေမူကြမ်း ၃ ခုကို လွှတ်တော်သို့ ဇူလိုင် ၂၆ ရက်တွင် တင်သွင်းခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုဥပဒေမူကြမ်းများသည် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ (NCPO) အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် အမိန့်ပြန်တမ်းများနှင့် ညွှန်ကြားချက်အားလုံးကို ပယ်ဖျက်ရန် ရည်ရွယ်ကြောင်း MFP ၏ ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူ (Parit Wacharasindhu)က ပြောကြားခဲ့သည်။

NCPO သည် ၂၀၁၄ ခုနှစ်က ရွေးကောက်ခံသမ္မတ ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra)၏ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီး အာဏာကို ရယူခဲ့သည့် အဖွဲ့ဖြစ်သည်။

ယခုတင်သွင်းသည့် ဥပဒေမူကြမ်းများသည် အနာဂတ်တွင် စစ်တပ်က အာဏာကို လွှဲပြောင်းရယူမှုများအား တားဆီးရန်နှင့် အနှစ် ၂၀ စာ အမျိုးသား မဟာဗျူဟာ အစီအစဉ်ကို ဖျက်သိမ်းရန် ရည်ရွယ်ကြောင်း ပါရစ်က ပြောသည်။

MFP သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မိမိတို့ပါတီ၏ သဘောထားဖြင့် အောက်လွှတ်တော်သို့ တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအသစ်ရေးဆွဲမှုသည် အချိန် ၂ နှစ်ခန့် ကြာမြင့်နိုင်သဖြင့် အလွန်နှေးကွေးကြောင်း ပါရစ်က ပြောကြားခဲ့သည်။

 MFP ၏ ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူကို တွေ့ရစဉ်

လွှတ်တော်အနေဖြင့် မိမိတို့တင်သွင်းသည့် ဥပဒေမူကြမ်းများကို အသစ်ရေးဆွဲနေသော ဖွဲ့စည်းပုံအသစ်နှင့် နှိုင်းယှဉ်ပြီး အပြန်အလှန် ဆင်ခြင်သုံးသပ်နိုင်သည်ဟုလည်း ပါရစ်က ပြောကြားခဲ့သည်။

MFP က တင်သွင်းသည့် ပထမဥပဒေမူကြမ်းမှာ NCPO ၏ အမိန့်ပြန်တမ်းများ၊ ညွှန်ကြားချက်များ အားလုံးသည် တရားဝင်မှုရှိသည်ဆိုသည့် ဥပဒေပိုဒ်ခွဲ ၂၇၉ ကို ပယ်ဖျက်ရန် အဆိုပြုထားသည်။

ဒုတိယ ဥပဒေမူကြမ်းမှာ အာဏာသိမ်းမှုကို နိုင်ငံရေးအသင်းအဖွဲ့များအားလုံးက ငြင်းပယ်ရန် တွန်းအားပေး ထားသည့် စာပိုဒ်ကို ဖွဲ့စည်းပုံ၏ အပိုဒ်ခွဲ ၁၆ တွင် ဒုတိယအပိုဒ်အဖြစ် ထည့်သွင်းရန်ဖြစ်သည်။

တတိယ ဥပဒေမူကြမ်းမှာ NCPO က ရေးဆွဲခဲ့သည့် အနှစ် ၂၀ စာ အမျိုးသားမဟာဗျူဟာ အစီအစဉ်ကို ဖျက်သိမ်းရန်ဖြစ်ကြောင်း ပါရစ်က ပြောကြားခဲ့သည်။

Source: Thai PBS World