CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၈

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အတိုက်အခံ Move Forward(MFP) ပါတီ၏ စုံစမ်းစစ်ဆေးရန် တောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး MFP ဖျက်သိမ်းရေးကိစ္စကို သြဂုတ် ၇ ရက်တွင် စီရင်ချက်ချသွားမည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

တော်ဝင်အသရေဖျက်မှုဆိုင်ရာ ဥပဒေများကို ပြင်ဆင်မည်ဆိုသည့် MFP ပါတီ၏ လှုပ်ရှားမှုကြောင့် ထိုင်းရွေးကောက်ပွဲကော်မရှင်က MFP ပါတီကို ဖျက်သိမ်းရန်နှင့် နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ ပိတ်ပင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုအမှုကို စီရင်ချက်ချရန် လိုအပ်သည့် သက်သေ အထောက်အထားများ အလုံအလောက် ရှိနေပြီဖြစ်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ MFP နှင့် ရွေးကောက်ပွဲကော်မရှင်တို့အား ဇူလိုင် ၂၄ ရက် မတုင်မီ အချိန်အထိ လျှောက်လှဲချက် များ တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း၊ သြဂုတ် ၇ ရက် မွန်းလွဲ ၃ နာရီတွင် နောက်ဆုံး စီရင်ချက်ကို ချမှတ် မည်ဖြစ်ကြောင်း တရားရုံးက ထုတ်ပြန်ခဲ့သည်။

MFP ပါတီကိုတွေ့ရစဉ်

ပါတီဖျက်သိမ်းရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ အားထုတ်ကြိုးပမ်းမှုသည် အလျင်စလိုနိုင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ကြိုးပမ်းမှုသည် တရားမဝင်ကြောင်း တင်ပြရန် အခွင့်အရေးပင် မပေးကြောင်း MFP ပါတီက ပြောကြားခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်သည် ဇန်နဝါရီ ၃၁ ရက်က တရားရုံး၏ စီရင်ချက်ချမှတ်မှုကို ရည်ညွှန်းပြီး ပါတီ ဖျက်သိမ်းရေးကိုသာ တောင်းဆိုနေကြောင်း  MFP ပါတီက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက  MFP ပါတီနှင့် ပါတီခေါင်းဆောင်ဟောင်း ပီတာ လင်မ်ဂျာရွန်ရတ် ( Pita Limjaroenrat) တို့အား တော်ဝင် အသရေဖျက်မှု ဥပဒေအား ပြုပြင်ပြောင်းလဲမည့် လှုပ်ရှားမှုများအားလုံးကို ရပ်တန့်ရန် အမိန့်ချမှတ်ခဲ့သည်။

ထိုလှုပ်ရှားမှုများသည် စည်းမျဉ်းခံ ဘုရင်စနစ်ကို ဖြုတ်ချမည့် လုပ်ရပ်များအဖြစ် သတ်မှတ်နိုင်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။

Source: Thai PBS World