CNI International News

ဘန်ကောက်၊ ဇူလိုင် ၃၁

Move Forward Party(MFP)ပါတီ ဖျက်သိမ်းခံရမည်ဆိုပါက အသစ်ပြန်လည်ဖွဲ့စည်းချိန်တွင် ပါတီခေါင်းဆောင် အဖြစ် ခန့်အပ်ခံရလျှင် ထိုင်းနိုင်ငံရေးလောကအတွက် ကဏ္ဍသစ်ဖွင့်လှစ်သွားမည်ဟု MFP ပါတီ၏ ဒုတိယ ခေါင်းဆောင် သီရိကန်ယာ တန်ဆာကူလ် (Sirikanya Tansakul)က  ကတိပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

MFP ပါတီ ဖျက်သိမ်းသင့်/မသင့်ကို ထိုင်းတရားရုံးက မကြာခင် ဆုံးဖြတ်မည်ဖြစ်သည်။

ထို့နောက် ပါတီဖျက်သိမ်းခံရပြီး ပြန်လည်၍ ပါတီဖွဲ့စည်းမည့် အချိန်မှာ ပါတီခေါင်းဆောင်အဖြစ် အဆိုပြု ရွေးချယ်ခန့်အပ် ခံရမည်ဆိုပါက ထိုင်းနိုင်ငံတွင် အမျိုးသမီး ခေါင်းဆောင်များ ဦးဆောင်သည့် ပါတီများ ပိုမိုများပြားလာမည်ဖြစ်သည်။

ထိုအခြေအနေသည် နိုင်ငံကို ရှေ့ဆက်ချီတက်နိုင်မည့် ခြေလှမ်းတစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း သီရိကန်ယာက ပြောသည်။

MFP ပါတီ အဖွဲ့၀င်များကိုတွေ့ရစဉ် 

"အဲဒါဆိုရင် အမျိုးသား ပါတီခေါင်းဆောင် အများစု ကြီးစိုးခဲ့တဲ့ အတိတ်ကာလက အခြေအနေနဲ့ မတူတဲ့ ထိုင်းနိုင်ငံရေး လောကအတွက် ကဏ္ဍအသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု မစ္စစ် သီရိကန်ယာက ပြောကြားခဲ့ သည်။

ပါတီဖျက်သိမ်းခံရမည့် အခြေအနေနှင့်ပတ်သက်ပြီး ခေါင်းဆောင်သစ်ရာထူးကို ရနိုင်ခြေ ရှိ/မရှိ သတင်းထောက် များ၏ မေးမြန်းခြင်းကို ခံရချိန်တွင် သီရိကန်ယာက ပါတီခေါင်းဆောင်ရာထူး နေရာအတွက် ပါတီ၏ ရွေးချယ်မှု အပေါ်တွင်သာ မူတည်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

"မမျှော်လင့်ဘဲ ပါတီဖျက်သိမ်း ခံရမယ်ဆိုရင် ပါတီဝင်တွေဟာ ပါတီသစ်တစ်ခုကို ထပ်မံဖွဲ့စည်းဖို့ အဆင်သင့်ပါပဲ။ ဘာပဲဖြစ်လာပါစေ ကျမတို့ ကောင်းကောင်း ပြင်ဆင်ထားပါတယ်" ဟု သီရိကန်ယာက ပြောကြားခဲ့သည်။

MFP ပါတီသည် တော်ဝင်မိသားစုကို အကာအကွယ်ပေးထားသည့် တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင် ပြောင်းလဲရန် ကြိုးပမ်းမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် ပါတီဖျက်သိမ်းခံရမည့် အရေးနှင့် ရင်ဆိုင် နေရခြင်းဖြစ်သည်။

MFP ပါတီ၏ ဒုတိယ ခေါင်းဆောင် သီရိကန်ယာ တန်ဆာကူလ်ကို တွေ့ရစဉ်

ထိုအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက စီရင်ချက်ချမှတ်မည့် ဩဂုတ်လ ၇ ရက်တွင် MFP ပါတီကို ထောက်ခံသူများအား ပါတီလိုဂိုပါသည့် အင်္ကျီများဝတ်ဆင်ပြီး ပါတီဌာနချုပ်ရှေ့၌ လာရောက်စုံရုံးကြရန် MFP ပါတီက Facebook ပေါ်တွင် ရေးသားခဲ့သည်။

ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ပါတီ၏ အတွင်းရေးမှူးချုပ် ပီယာဘတ် ဆာအန်ကာနွတ်ကူလ် (Piyabutr Saengkanokkul) က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးတွင် နိုင်ငံရေးပါတီများ ဖျက်သိမ်းမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောသွားမည်ဟု MFP ပါတီက ထုတ်ပြန် ပြောကြားခဲ့သည်။

MFP ပါတီသည် ယခင်ဖျက်သိမ်းခံခဲ့ရသည့် Future Forward ပါတီ (FFP) ကို အမည်ပြောင်းလဲပြီး အသစ်ဖွဲ့စည်း ထားသည့် ပါတီဖြစ်ကာ ယခု MFP ပါတီ ဖျက်သိမ်းခံခဲ့ရပါက အသစ်ပြန်လည် ဖွဲ့စည်းမည့်အမည်ကို မရွေးချယ်ရ သေးကြောင်း သီရိကန်ယာက ပြောကြားခဲ့သည်။

Source: ဘန်ကောက် ပို့စ်