CNI International News

ဘန်ကောက်၊ ဧပြီ ၄

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အတိုက်အခံ Move Forward Party (MFP)ကို ဖျက်သိမ်းရန် ကြိုးပမ်းသည့် လျှောက်လှဲချက်အား စစ်ဆေးကြားနာရန် ဧပြီ ၃ ရက်က လက်ခံခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ဇန်နဝါရီလက ထိုင်းရွေးကောက်ပွဲကော်မရှင်သည် Move Forward Party နှင့် Move Forward Party ခေါင်းဆောင်ဟောင်း ပီတာလင်ဂျာရွန်ရတ် (Pita Limjaroenrat) တို့အား စည်းမျဉ်းခံဘုရင်အား ဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် Move Forward Party အား ဖျက်သိမ်းရန် တိုင်ကြားစာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ရန် တညီတညွတ်တည်း သဘောတူညီခဲ့သည်။

ထိုအမှုနှင့်ပတ်သက်ပြီး ခုခံကာကွယ် လျှောက်လှဲမှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက Move Forward Party ကို အချိန် ၁၅ ရက် ပေးခဲ့သည်။

တရားရုံးသို့ တင်ခဲ့သည့် တိုင်ကြားစာတွင် Move Forward Party သည် နိုင်ငံရေးပါတီများဆိုင်ရာ အက်ဥပဒေနှင့် အညီ စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သော လုံလောက်သည့် အထောက်အထားများကို တွေ့ရှိခဲ့ ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ဖော်ပြထားသည်။

 ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကိုတွေ့ရစဉ်

Move Forward Party အား ဖျက်သိမ်းရန် တရားရုံးသို့ တောင်းဆိုသည့် ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပါတီအနေဖြင့် တရားရေးအဖွဲ့ဖြင့် ကြိုတင်ပြင်ဆင်ထားကြောင်း Move Forward Party ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူ (Parit Wacharasindhu) က မီဒီယာများကို ပြောကြားခဲ့သည်။

Move Forward Party ပါတီသည် ဖျက်သိမ်းခံရလိမ့်မည်ဟု မီဒီယာများအနေဖြင့် ချက်ချင်း ကောက်ချက် မချရန်နှင့် မိမိတို့၏ တရားရေးအဖွဲ့သည် ပါတီ၏ အပြစ်ကင်းစင်မှုကို သက်သေပြပြီး ပါတီအား ကာကွယ်သွား မည်ဟု ၎င်းက ပြောသည်။

ထိုအမှုသည် အလွန်အရေးကြီးပြီး ပါတီ၏ အနာဂတ်အတွက်သာမက အနာဂတ်တွင် ထိုင်းနိုင်ငံရေးလောက အတွက်ပါ သာဓကတစ်ခုဖြစ်ကြောင်း ပါရစ်က ပြောကြားခဲ့သည်။

Source: Thai PBS World