CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၄

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက် အကျပ်ကိုင်မှုမှတဆင့် ငွေကြေးနှင့်အခြား အခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက် ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ကို ဖော်ထုတ်အရေးယူမည်ဟု နစက၏ ဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်စေကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်သည် တစ်လလျှင် လူဦးရေ ၅၀၀၀ ၊ တစ်နှစ်လျှင် လူဦးရေ ၆၀,၀၀၀ ဖြင့် သတ်မှတ်ကာ ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်လျှက်ရှိသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်သည့်အခါမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် အာဏာပိုင်အဖွဲ့အစည်း တချို့သည် အကြပ်ကိုင်၍ ငွေကြေး တောင်းခံနေကြသလို တခြားသော အမြတ်ထုတ်မှုများရှိနေသည်။

ပြည်သူ့စစ်မှုထမ်းများကို တွေ့ရစဉ်

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိ နားမလည်သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက် အကျပ်ကိုင်မှုမှတဆင့် ငွေကြေးနှင့်အခြား အခွင့်အ ရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်အချို့နှင့် အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန်လို ကြောင်း”ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ကျေညက်အောင်လေ့လာပြီး တာဝန်ကျရာ ဒေသအသီးသီးတွင် ရှိကြသည့် သတ်မှတ်ချက် အကျုံးဝင်သူ ပုဂ္ဂိုလ်များနှင့် ဆက်နွှယ်ကြသည့် မိသားစုဆွေမျိုး အသိုင်းအဝိုင်းပါ သိရှိနားလည် သဘောပေါက်အောင် စည်းရုံးပြောဆို အသိပေးရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ မိမိတို့နိုင်ငံ၏ ပထဝီအနေအထားကို ကြည့်ပါက လူအင်အား၊ စီးပွားရေး အင်အားကြီးမားသည့် နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် တည်ရှိနေခြင်းကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူ ဟာကို ပြည်သူ့စစ်မဟာဗျူဟာအဖြစ် ဖော်ဆောင်ကျင့်သုံးလျက်ရှိသည်”ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်းများကို တွေ့ရစဉ်

ထို့နောက် ပြည်သူလူထု၏ ယုံကြည်လေးစားအားကိုးမှုကို ရရှိစေရန်အတွက် တပ်မတော်သည် စွမ်းရည်ထက် မြက်ပြီး အင်အားတောင့်တင်းနေရန် လိုအပ်ကြောင်း၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်မှသာ ပြည်သူ့ စစ်မဟာဗျူဟာများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း လူဦးရေ ၁၃ သန်းရှိကြောင်း၊ ထိုအထဲမှ အမျိုးသားများကိုသာ ပထမဆုံး စစ်မှုထမ်းရန် ဆင့် ခေါ်မည် ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်သည့်အခါမှာလည်း အားလုံးကိုမဟုတ်ဘဲ လိုအပ်သည့် အရေအ တွက်သာ ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)ကို ဧပြီလကုန် စတင်မည်ဖြစ်ပြီး လူဦးရေ ၅၀၀၀ ကျော် စစ်မှုထမ်း ရန် စာရင်းပေးထားကြောင်း သိရသည်။