CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကိုသာ ရွေးကောက်ပွဲနည်းဖြင့် ရွေးချယ်ခန့်အပ် ခြင်း မဟုတ်ဘဲ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများကိုလည်း ထိုနည်းအတိုင်း ရွေးချယ်သင့်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)မှ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အုပ်ချုပ်ရေးမှူးက အခြေခံဥပဒေအရဆိုရင် ခရိုင်အဆင့် မရွေးဘူး၊ ပြည်နယ်အဆင့် ရွေးတယ်။ နောက် ရပ်ကျေးအဆင့် ရွေးတယ်။ မြို့နယ်နဲ့ခရိုင် မရွေးဘူး။ အဲဒါတော့ ကျနော်တို့လည်း စိတ်ဘဝင် မကျဘူးဗျ။ ပြောလည်း ပြောကြတာပဲလေ။ ခရိုင်အဆင့်ရော၊ မြို့နယ်အဆင့်ရော၊ နောက်အောက်ခြေ အဆင့်ရော အကုန်လုံးကို ရွေးကောက်ပွဲနည်းနဲ့ သွားရင်တော့ အကောင်းဆုံးပေါ့။ အဲဒီဟာက ကျနော်တို့ လည်း ဘာကြောင့် ဒီလိုဖြစ်သလဲ။ အခြေခံဥပဒေထဲမှာလည်း ဘာမှ ရွေးကောက်ပွဲနည်းနဲ့ ဆောင်ရွက်ဖို့ ဆိုတာလည်း မရေးထားသည့်အတွက် ကျနော်တို့ လက်လှမ်းသိပ် ခေါင်းမမီဘူး။ သိပ်အတွေး မရောက် ဘူး။ အဲဒီအပိုင်းဟာ ဘာကြောင့် ဒီလိုဖြစ်နေသလဲဆိုတာ၊ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာ ကျနော် လည်း ပြောမတတ်ဘူး။ ရွေးကောက်ပွဲနည်းနဲ့ တောက်လျှောက်ဆိုရင်တော့ အလုပ်ရှုပ်မှာ မို့လို့လား၊ ဒါမှ မဟုတ်ရင်လည်း ကျေးရွာအဆင့်လောက်၊ ရပ်ကွက်အဆင့်လောက်ပဲ ရွေးကောက်ပွဲ လုပ်ရမယ်ဆို အထူးအထွေ မရှိဘူးဆိုတဲ့ အထင်မျိုးလားပေါ့လေ။ အဲဒါလည်း ကျနော် မပြောတတ်ဘူး။ ဖြစ်နိုင်ရင် တော့ ရွေးကောက်ပွဲနည်းနဲ့ ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ အဲဒီလိုတော့ မြင်တယ်” ဟု ပြောသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသူသည် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ တာဝန်ထမ်းဆောင်စဉ် သက်တမ်းအတွင်း ပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟူ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၀ တွင် ပြဋ္ဌာန်းထားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တွေ့ရစဉ်

၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံအရ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးတွင် အခြေခံ အကျဆုံးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးသာ ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီနှင့် ကင်းလွတ်ပြီး ဘက် မလိုက်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးစနစ်ကို သုံးသပ်ပြင်ဆင်ရန်လိုကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း (၃)၌ ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

၎င်းက “အဲဒီဟာက ဒီရွေးကောက်ပွဲမှာ တော်တော်ထင်ရှားတယ်။ မဲစာရင်းပြုစုတာက စပြီးတော့ ကြိုတင်မဲ ကိစ္စတွေမှာကအစ။ အဲဒီတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို နိုင်ငံရေးပါတီနဲ့ ကင်းလွတ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဖြစ်လာအောင် တကယ့်ကို ဘက်မလိုက်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး စနစ် ကို ပြန်ပြီးတော့ သေချာသုံးသပ်ဖို့ ပြင်ဆင်ဖို့ လိုတယ်ဆိုတာဟာ ဒီရွေးကောက်ပွဲ အတွေ့အကြုံအရ ကျနော်တို့ ကိုယ်တိုင် သိလိုက်ရတဲ့ အခြေအနေပဲ။ ဘာကြောင့်လဲဆိုတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေက ခြိမ်းခြောက်ခံရတာတို့၊ အသတ်ခံရတာတို့ဆိုတော့ လုပ်မယ့်လူ မရှိဘူး။ လုပ်မယ့် လူမရှိတဲ့ အချိန်မှာ ဝင်ပြီး ဆောင်ရွက်တဲ့ လူတွေထဲမှာ မျှမျှတတလုပ်တဲ့ ပုဂ္ဂိုလ်အချို့ရှိသလို တချို့ဟာတွေက ရွေးကောက်ပွဲ ရလဒ်အပေါ် သက်ရောက်မှုတွေ အများကြီးဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ရပ်ကွက် အုပ်ချုပ် ရေးမှူး စနစ်နဲ့ ပတ်သက်ရင် လေးလေးနက်နက် ပြန်သုံးသပ်ဖို့၊ ပြင်ဆင်ဖို့ လိုတယ်ဆိုတာလည်း ဒါလေး ကို ကျနော်ပြောချင်တယ်” ဟု ပြောသည်။

ထို့ကြောင့် နောင်တက်လာမည့် အစိုးရအဖွဲ့များ အနေဖြင့် အုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ဉီးစီးဦးဆောင်ကာ ညွှန်ကြားမှု တိတိကျကျ လုပ်ပေးရန်လိုကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နောင်လာမယ့် အစိုးရကတော့ အဲဒီအုပ်ချုပ်ရေးမှူးတွေကို သူတို့နဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကလည်း အပေါ်ကနေ ညွှန်ကြားမှု၊ ဦးစီးဦးဆောင် ညွှန်ကြားမှု ရှိဖို့တော့ လိုတယ်။ ဒါပေမယ့်လည်း တချို့ အုပ်ချုပ်ရေးမှူးတွေ ကြတော့လည်း မသိလို့ မလုပ်ပေးတာမျိုး ရှိတယ်။ တချို့ကြ တော့လည်း သူတို့ဟာနဲ့သူတို့ ဟိုဟာ လုပ်လိုက်ရင် မှားမလား၊ ဒီဟာလုပ်လိုက်ရင် မှားမလားဆိုတာ မျိုးပေါ့။ အပေါ်ကနဲ့ သူတို့ ဦးစီးဦးဆောင်ပြီး တိတိကျကျ လုပ်ပေးမယ်ဆိုရင်တော့ အဆင်ပြေလိမ့်မယ် လို့ ထင်တာပဲလေ” ဟု ပြောသည်။

အထွေထွေအုပ်ချုပ်ရေးမှူးကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ ဆယ်အိမ်စု တစ်စုစီအလိုက် ကိုယ်စားလှယ်ကို ဦးစွာ ရွေးချယ်ကြရ သည်။

ထိုသို့ ရွေးချယ်ခံရသည့် ပုဂ္ဂိုလ် အသီးသီးတွင် သတ်မှတ် အရည်အချင်းများနှင့် ပြည့်စုံသူများကို ဆယ်အိမ်စု ကိုယ်စားလှယ်များအဖြစ် အမည်စာရင်း ပြုစုရပြီး ၎င်းတို့အနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အဆိုပြုလိုသည့် ပုဂ္ဂိုလ်၏ အမည်ကို တင်သွင်းစေသည်။

တင်သွင်းလာသည့် အမည်စာရင်းပါ ပုဂ္ဂိုလ်များကို ဆယ်အိမ်စု ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲ ပေး၍ ရွေးချယ်ရကာ မဲအများဆုံး ရရှိသူသည် အရည်အချင်းများနှင့် ပြည့်စုံပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြုချက်ဖြင့် ခန့်အပ်တာဝန်ပေးခံ ရသည်။

၎င်းသည် ပြည်သူ့လွှတ်တော် သက်တမ်းနှင့်အညီဖြစ်ကာ သက်တမ်းသည်လည်း သုံးကြိမ်ထက် မပိုစေ ရဟူ၍ ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည်။