CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင် အဓိက အရေးပါသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သော ရွေးကောက်ပွဲ ကော်မရှင်များကို လွှတ်တော်ကနေ ရွေးချယ်ခန့်အပ်သင့်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံရေးပါတီများက ထောက်ပြကြသည်။
ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော အဖွဲ့အစည်း ဖြစ်ရန်နှင့် လွတ်လပ်သော လူပုဂ္ဂိုလ်များဖြစ်ရန် အရေးကြီးကြောင်း၊ လွတ်လပ်မှသာ ရွေးကောက်ပွဲများ ကျင်းပသည့်အခါ အငြင်းပွားမှုများကို ဘက်မလိုက်ဘဲ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ တရားမျှတသည့် ရွေးကောက်ပွဲများကို ကျင်းပပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေး ပါတီများက ထောက်ပြကြသည်။
ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်ပြီး NSPNC နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များ ညှိနှိုင်းသဘောတူထားသည့် အချက် ၄၃ ချက်ရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
၎င်းက “NSPNC နဲ့ ဦးတို့ နိုင်ငံရေးပါတီ အစုအဖွဲ့က ညှိနှိုင်းသဘောတူထားတာ ရှိပါတယ်။ ကော်မရှင်နဲ့ ပတ်သက် ပြီးတော့ပေါ့နော်။ အဲ့ဒါကတော့ လာမယ့် လွှတ်တော်မှာ အတည်ပြုလိမ့်မယ်လို့ ဦးတော့ ယူဆတယ်ပေါ့နော်။ NSPNC မှာ ဟိုဟာပေါ့ အားလုံး ဆွေးနွေးထားပြီးသား အချက်အလက်တွေပေါ့။ ဥပမာ ပြောရမယ်ဆိုရင် နိုင်ငံရေး ပါတီ အစုအဖွဲ့နဲ့ တပ်မတော်က NSPNC နဲ့ ညှိနှိုင်းထားတာ အဲ့ဒီ ၄၃ ချက်က သဘောတူထားပြီးသားပေါ့နော်။ မူအားဖြင့် အားလုံး သဘောတူထားတယ်။ အဲ့ဒီဟာကိုတော့ လာမယ့်လွှတ်တော်မှာ အတည်ပြုမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင် ခန့်အပ်တဲ့ နေရာမှာလည်း ပုံစံပြောင်းလဲသွားလိမ့်မယ်။ အဲ့ဒီ ၄၃ ချက်ဟာ လာမယ့် လွှတ်တော်မှာကျမှ လွှတ်တော်ရဲ့ နည်းဥပဒေနဲ့အညီ ပြန်လည် သုံးသပ်ပြီးတော့ အတည်ပြုလိမ့်မယ်။ ဖြစ်လာမယ် မဖြစ်လာမယ်ကတော့ လာမယ့် လွှတ်တော်ပေါ်မှာ အများကြီး မူတည်တယ်။ ဒါပေမယ့် ဖြစ်လာမယ်လို့ ထင်ပါ တယ်။ ဘာလို့လဲဆိုရင် အခုတောင် သဘောတူထားတာက နိုင်ငံရေးပါတီ အစုအဖွဲ့ထဲမှာ ပြည်ခိုင်ဖြိုးလည်း ပါ တယ်လေ။ ဦးတို့လည်း ပါတယ်ပေါ့နော်။ နိုင်ငံရေးပါတီ အစုအဖွဲ့အနေနဲ့ နောက်ပြီးတော့ တပ်မတော်ကလည်း သဘောတူထားတယ်။ အဲ့ဒီတော့ အခုလာမယ့် အစိုးရကလည်း ပြည်ခိုင်ဖြိုးနဲ့ ပတ်သက်တဲ့ ပါတီက ဒါအများဆုံး အနိုင်ရတဲ့ သူတွေလည်း ဖြစ်တယ်ဆိုတော့ သူတို့ကိုယ်တိုင်လည်း ပါတယ် ပါဝင်တယ်၊ တပ်မတော်ကလည်း ထောက်ခံထားတယ်၊ သဘောတူထားတယ်ဆိုတော့။ ဒါဆို ဦးတို့ ၄၃ ချက်ကတော့ လာမယ့် လွှတ်တော်မှာ သက်ဆိုင်ရာ ဒီလာမယ့် လွှတ်တော် ကိုယ်စားလှယ်တွေက ပြန်လည် ညှိနှိုင်းပြီးတော့ ဥပဒေနည်းဥပဒေနဲ့အညီ ပြန်ပြီးတော့ အတည်ပြုလိမ့်မယ်လို့ ဦးတို့ဒီလိုပဲ ယူဆထားတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်ထိ အပိုင်း(၃) ပိုင်း ခွဲ၍ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
ထို့နောက် လွှတ်တော်ကို မတ်လတွင် ခေါ်ယူကျင်းပမည်ဖြစ်ပြီး ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

ရွေးကောက်ပွဲနှိုးဆော်ချက်ကို တွေ့ရစဉ်
ရွေးကောက်ပွဲကော်မရှင်ကို လွှတ်တော်ကလည်း မရွေးသင့်ကြောင်း၊ ပြည်သူလူထုက တိုက်ရိုက်ရွေးကောက် တင်မြောက်ခြင်းသည် အကောင်းဆုံးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲကော်မရှင်ကို လွှတ်တော်ကလည်း မရွေးသင့်ပါဘူး။ လွှတ်တော်က ရွေးလို့ရှိရင် အာဏာရ ပါတီကပဲ ရွေးတဲ့၊ အများစုကပဲ မဲအများနဲ့ရွေးတဲ့ပုံစံ ဖြစ်မှာစိုးလို့ အကောင်းဆုံးကတော့ လွှတ်တော်က ဒါတွေ ရွေးခွင့်လည်း မရှိဘူး။ လွှတ်တော်က ဥပဒေပြုပေါ့နော်။ အဓိက,ကတော့ ရွေးကောက်ပွဲကော်မရှင်ကို ပြည်သူလူ ထုက တိုက်ရိုက် ရွေးကောက်တင်မြောက်တာ အကောင်းဆုံးဖြစ်မှာ။ အထွေထွေရွေးကောက်ပွဲမှာ မြို့နယ် ကော်မရှင် ဥက္ကဋ္ဌတွေကိုပါ တစ်ခါတည်း ရွေးရမှာပေါ့နော်။ ရွေးတဲ့အခါကြတော့ အဲ့ဒီမှာ ကော်မရှင်ဥက္ကဋ္ဌတွေ ရလာမယ်ပေါ့။ တစ်နိုင်ငံလုံးဆိုရင်တော့ ၃၀၀ ပေါ့၊ ထားပါတော့ ၃၀၀ ကျော်ပေါ့။ ရလာတဲ့အခါကြမှ အဲ့ဒီ ကော်မရှင်ဥက္ကဋ္ဌတွေက သူက အားလုံး ညီလာခံ လုပ်ရမှာပေါ့နော်။ ညီလာခံလုပ်ပြီးမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ရွေးမယ်၊ ပြီးလို့ရှိရင် တိုင်းဒေသကြီးကို ရွေးမယ်။ မြို့နယ်ဥက္ကဋ္ဌ တချို့က တိုင်းရောက်သွားမယ် ဗဟိုမှာ ပါသွားမယ်ပေါ့နော်။ အဲ့ဒီတော့ ဒီကော်မရှင်ရဲ့ အဖွဲ့ဝင်တွေချည်း ဖြစ်ရမယ်။ ဘယ် နိုင်ငံရေးပါတီဝင်ကိုမှ၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းကိုမှ ဝင်ဖူးသူမဖြစ်ရဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုအဆင့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း ပြိုင်တဲ့ပါတီ ၅၁ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ် ၄၈၆၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
သို့သော် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကြိုတင်မဲကိစ္စများ၊ မဲပေးပိုင်ခွင့် စာရင်းများ ပြုစုခြင်းနှင့် ထုတ်ပြန်ခြင်း များအပေါ် နိုင်ငံရေးပါတီများက ထောက်ပြ ဝေဖန်မှုများ ရှိနေသည်။
