CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂

လာမည့် လွှတ်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီတို့ကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြင်ဆင်ရန် သဘောတူညီမှု ရရှိထားသည့် ၄၃ ချက်ကို ဦးစားပေးဆွေးနွေးလာနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ပြောသည်။ 

ထိုသို့ ဆွေးနွေးသည့်အခါတွင် တပ်မတော်သားကိုယ်စားလှယ်များမှလည်း ကန့်ကွက်မှုနည်းပါးလိမ့်မည်ဟု မြင်ကြောင်း၊ လာမည့် ၅ နှစ်အတွင်း ၎င်း ၄၃ ချက်နှင့်ပတ်သက်၍ ဖော်ဆောင်လာနိုင်ခြေရှိကြောင်း ၎င်းက ပြောသည်။

စိုင်းဋ္ဌေးအောင်က “တောင်းဆိုချက်တွေဆိုတာထက်ကို သဘောတူညီထားချက်ကို အဓိကထားပြီး ပြောတယ်လို့ တော့ မြင်ပါတယ်။ ဒီဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ဒါကတော့ တပ်မတော်ဘက်က နေပြီးမှ သဘောတူထားတဲ့ အပိုင်းတွေဖြစ်တာကို။ လွှတ်တော်မှာဆွေးနွေးမယ့်အခါကျရင် တပ်မတော်ကိုယ်စားလှယ်များကတော့ ကန့်ကွက်မှု နည်းပါး လိမ့်မယ်လို့တော့ မြင်ပါတယ်။ အဲဒီကိစ္စတွေကတော့‌လေ။ တောင်းဆိုချက်လို့တော့ မပြောလိုဘူး။ အဓိက Highlights ပြောတာကတော့ ၄၃ ချက်ကိုပြောတယ်လို့ပဲ ကျနော်မြင်တယ်။ ဦးစားပေးဆွေးနွေးတဲ့အဆင့်ထဲမှာ ရောက်လာပါလိမ့်မယ်။ ၄၃ ချက်စလုံးက တပ်မတော်ဘက်က သဘောတူထားပြီးသား ဖြစ်တယ်။ လွှတ်တော်ထဲမှာလည်း ပြန်တင်ပြမယ်။ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ပြီးမှ ဥပဒေပြင်ဆင်ရေး ကိစ္စတွေဖြစ်လာမယ်လို့တော့ မြင်တယ်။ ဒါကြောင့် ဒီ ၄၃ ချက်ကတော့ ဥပဒေပြင်ဆင်ရေး စလုပ်ပြီဆိုရင်တော့ ဦးစားပေးအဆင့်မှာ‌တော့ ရောက်လာမယ်လို့ မြင်တယ်။ ဖော်ဆောင်နိုင်မှာပါ အဲဒီငါးနှစ်အတွင်းမှာတော့။ ဘာလို့လဲဆိုတေ့ာ တပ်မတော်ဘက်က သဘောတူထားပြီးသား ဖြစ်တဲ့အခါကြတော့ ကျန်တဲ့တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝိုင်း၀န်းဆွေးနွေးအကြံပြုပြီးမှ ဆုံးဖြတ်ချက်တွေချနိုင်မှာပါ” ဟု ပြောသည်။ 

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကိုတွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် (EAO)များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သ‌ဘောတူညီချက်များ၊ ဆွေးနွေးချက်များကို မကြာခင်ပေါ်ပေါက်လာမည့်လွှတ်တော်ထဲတွင် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးသည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

၄င်းက“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်များကို အကျေအလည် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့် လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်များနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လွှတ်တော်တွင် အဆိုပါဆွေးနွေးချက်များကို ကန့်ကွက်ပယ်ချမှုများ ရှိခဲ့ပါက အစိုးရအဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများဖြင့် ပြန်လည်ဆွေးနွေးကာ လွှတ်တော်မှ အတည်ပြုနိုင်မည့် အချက်များကို ပြန်လည်ပြင်ဆင်ရမည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူး‌လေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။ 

၄င်းက “အခု ဒီနိုင်ငံရေးပါတီနဲ့ တပ်မတော်နဲ့ ကျနော်တို့လုပ်ထားတဲ့ (NSPNC) ကိစ္စပေါ့နော်။ အဲဒါကြတော့ ကျနော်တို့က မပြည့်စုံသေးဘူးလို့ သဘောရတယ်။ ဘာလို့လဲဆိုတော့ (EAO) လဲမပါဘူးပေါ့။ လွှတ်တော်ဆိုလည်း မပါသေးဘူးပေါ့။ အဲဒီတော့ လွှတ်တော်မှာက လွှတ်တော်ပိုင်းက သူ့ဟာသူ ဆွေးနွေးတဲ့အပိုင်းလို့တော့ သဘောရတယ်။ အဲဒီတော့ ပယ်ချတာတွေ ဘာတွေက ရှိကောင်းရှိလာနိုင်တယ်။ ဒါကတော့ လွှတ်တော်ရဲ့ သူ့ လုပ်ထုံးလုပ်နည်းအရ သူက သွားမှာပဲလေ။ ကျနော်တို့ဒီ NCA စာချုပ်အရ အဖွဲ့တွေမစုံတဲ့အတွက် လွှတ်တော်မှာ ပယ်ချလို့ရတယ်။ ဆွေးနွေးလို့ရတယ်ဆိုတဲ့ သဘောတော့သက်ရောက်တယ်။ လွှတ်တော်ထဲမှာပယ်ချရင်တော့ လွှတ်တော်က အတည်ပြုချက်မရှိရင်တော့ အကျုံးမ၀င်တဲ့ သဘောသက်ရောက်တာပေါ့။ အဓိကတော့ ကျနော်တို့ ဆိုလိုချင်တာက NCA စာချုပ်အတိုင်း သွားမယ်ဆိုရင်တော့ ဒါလွှတ်တော်က ပယ်ချလို့လည်းမရဘူး။ အတည်ပြုမှုပဲရှိတယ်ဆိုတာ ကျနော် အဲဒီလိုသဘောပေါက်တယ်။ နောက်NCA စာချုပ်ပါအတိုင်းပဲ နောက်ထပ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖိုရမ်ကို ထပ်ခေါ်ပြီးမှ EAO ရော နိုင်ငံရေးပါ‌တီတွေရော တတ်သိပညာရှင်တွေရော။  အခုက လွှတ်တော်ပေါ်လာပြီ အစိုးရလဲရှိလာပြီဆိုတော့ ဒီဟာတွေစုံညီပြီးမှ အဲဒီမှာ ပြန်လည်‌ပြီးမှ ပြန်ဆွေးနွေး ရမှာပေါ့။ ပြန်ဆွေးနွေးပြီးမှ ဒီဟာကန့်ကွက်တဲ့ကိစ္စကို အကောင်းဆုံး ဘယ်လိုပြန်ပြီးမှ သဘောတူညီနိုင်တဲ့ အချက်တွေ လွှတ်တော်က အတည်ပြုလို့ရမယ့် အချက်တွေ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို ပြန်ဆွေးနွေး ရမှာပေါ့။ ပြန်ဆွေးနွေးရလိမ့်မယ်” ဟု ပြောသည်။ 

 ယခင်က ကျင်းပခဲ့သည့်လွှတ်တော်ကိုတွေ့ရစဉ်

‌မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

ထို့နောက် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နှင့် ၁၈ ရက်များတွင် ခေါ်ယူကျင်းပမည်ဖြစ်ပြီး ဧပြီလမှာ အစိုးရသစ်ကို ဖွဲ့စည်း မည်ဖြစ်သည်။

NSPNC နှင့် နိုင်ငံရေးပါတီများ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာတွင် ပြင်ဆင်ရန် အတည်ပြုခဲ့ကြသော အချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ မှ ၁၀ ချက်၊ ဥပဒေပြု ရေးဘက်မှ ၇ ချက်၊ နိုင်ငံတော် အကြီးအကဲများနှင့်ပတ်သက်၍ ၃ ချက်၊ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ၁၀ ချက်ခန့် ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် လွှတ်တော်ကာလတုန်းက NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်အုပ်လုံးနီးပါး ပြင်ဆင်နိုင်ရေး အဆိုတင်သွင်းခဲ့ကြသော်လည်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ဆင်နိုင်မည်ဖြစ်၍ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိ မျက်မှောက်ခေတ်သည် နည်းပညာခေတ်ဖြစ်လာသလို လူငယ်များ၏ စဉ်းစားတွေးခေါ်ပုံများ၊ အိမ်နီးချင်း နိုင်ငံများ၏ ပထဝီနိုင်ငံရေး အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းရှိ လူမှု-စီးပွား အခြေအနေများ စသဖြင့် အချက် များဖြင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ဖြစ်အောင် ပြင်ဆင် ရေးဆွဲရန်လိုအပ်လာသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။