CNI International News

တိုကျို၊ မတ် ၁၃

အီရန်က အီရတ်ရှိ ရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို ပြိုလဲစေမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် မတ် ၁၂ ရက်က အာရှစျေးကွက်တွင် ရေနံစျေးနှုန်းများ မြင့်တက်ခဲ့ပြီး ရှယ်ယာစျေးနှုန်းများ ကျဆင်းသွားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ထို့ပြင် အီရန်၏ ခြိမ်းခြောက်မှုများကြောင့် နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ၏ စံချိန်တင် အရန်ရေနံထုတ်ယူမှုသတင်းမှာ မှေးမှိန်သွားခဲ့သည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြားဖြစ်ပွားနေသည့် စစ်ပွဲသည် တတိယမြောက်သီတင်းပတ်ကို ရောက်ရှိရန် နီးစပ်လာခဲ့သော်လည်း ပဋိပက္ခမှာ လျော့ပါးသွားမည့် အရိပ်အယောင်မရှိဘဲ အီရန်က ပင်လယ်ကွေ့တစ်လျှောက်တွင် ဒရုန်းများ၊ ဒုံးကျည်များဖြင့် ဆက်တိုက် တိုက်ခိုက်နေသည်။

IEA ၏အဖွဲ့ဝင်နိုင်ငံများသည် သမိုင်းတစ်လျှောက် အများဆုံးစံချိန်အဖြစ် အရန်သိုလှောင်ထားသည့် ရေနံများထဲမှ ရေနံစည်ပေါင်း သန်း ၄၀၀ ကို ထုတ်ပေးရန် သဘောတူညီခဲ့ကြပြီး ထိုရေနံစည်များအနက် ၁၇၂ သန်းကို အမေရိကန်မှ ထုတ်ပေးမည်ဖြစ်ကြောင်း IEA က မတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အီရန်တွင် ဓာတ်ဆီရောင်းချသူတစ်ဦးမှ ဓာတ်ဆီစုပ်ယူနေစဉ်

သို့သော် ကမ္ဘာ့ရေနံစိမ်းတင်ပို့မှုစုစုပေါင်း၏ ၅ ပုံ ၁ ပုံ ဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြားသည် ပိတ်ဆို့ခံထားရသဖြင့် IEA ၏ အစီအစဉ်သည် အရှေ့အလယ်ပိုင်းမှ စွမ်းအင်ထောက်ပံ့မှုများ ပြတ်တောက်သွားမည့် စိုးရိမ်မှုများကို လျှော့ချနိုင်ခဲ့ခြင်းမရှိပေ။

ရေနံဈေးနှုန်းများ ထိုးတက်လာခြင်းသည် ငွေကြေးဖောင်းပွမှု တစ်ကျော့ပြန် အရှိန်မြင့်လာမည်ကိုလည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ပြီးခဲ့သည့်လက အတိုးနှုန်းများလျှော့ချရန် စဉ်းစားခဲ့ကြသည့် ဗဟိုဘဏ်များသည် ယခုအခါ အတိုးနှုန်းများကို ထပ်မံမြှင့်တင်ရနိုင်ခြေရှိသည်ဟု သတိပေးချက်များ ထွက်ပေါ်လာသည်။

ထိုအချက်က စတော့ရှယ်ယာဈေးကွက်များအပေါ် ဝန်ပိစေခဲ့ပြီး မတ် ၁၂ တွင် ဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ပြီး တိုကျို၊ ဟောင်ကောင်၊ ဆစ်ဒနီ၊ ဆိုးလ်၊ ဝယ်လင်တန်၊ စင်ကာပူ၊ တိုင်ပေ၊ မနီလာ၊ ဂျာကာတာနှင့် ရှန်ဟိုင်းစသည့် စတော့ရှယ်ယာဈေးကွက်အားလုံးတွင် အကျဘက်သို့ ရောက်ရှိခဲ့သည်။

Shandong ပြည်နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် ရေနံစိမ်းများကို သယ်ယူစဉ်

မတ်လ ၁၂ ရက်တွင် ရေနံဈေးနှုန်းများသည် ၉ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၀ အထက်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

မတ်လ ၉ ရက်နေ့ကမူ ရေနံဈေးနှုန်းများသည် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ နီးပါးအထိ အမြင့်ဆုံး ရောက်ရှိခဲ့ဖူးသည်။

"ကုန်သွယ်တဲ့သူတွေအတွက်တော့ ဒါဟာ အရမ်းထူးဆန်းတဲ့ ဖြစ်ရပ်မျိုးမဟုတ်ဘဲ ရိုးအီနေတဲ့ ပုံစံတစ်ခုပဲ ဖြစ်ပါတယ်" ဟု SPI Asset Management မှ ကျွမ်းကျင်သူ စတီဗင် အင်နက်စ် (Stephen Innes) က ပြောကြားခဲ့သည်။

Source:CNA