CNI International News

တီဟီရန်၊ ဧပြီ ၂၂

အီရတ်နိုင်ငံရှိ အီရန်ထောက်ခံသော ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့များကို ကွပ်ကဲသည့် အီရန်ရှေ့တန်းစစ်မြေ ပြင် တပ်မှူးများကို အီရန်အစိုးရက လုပ်ပိုင်ခွင့်များ ပိုမိုအပ်နှင်းပေးခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် အီရတ်ရှိ ပြည်သူ့စစ်များကို ကွပ်ကဲနေသည့် အီရန် တပ်မှူးများသည် အီရန်အစိုးရ၏ ခွင့်ပြုချက်ကို ရယူရန် မလိုအပ်ဘဲ စစ်ဆင်ရေးများ လုပ်ဆောင်ခွင့် ရရှိလာခဲ့သည်။

ထိုအချက်သည် စစ်ပွဲ၏ ဖိအားကြောင့် ဖြစ်ပေါ်လာခဲ့သည့် အပြောင်းအလဲ တစ်ခုဖြစ်ကြောင်း လက်နက်ကိုင် အဖွဲ့ဝင် သုံးဦးနှင့် အမည်မဖော်လိုသည့် အရာရှိနှစ်ဦးတို့က အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

အီရန်က ကျောထောက်နောက်ခံ ပြုပေးထားသည့် လက်နက်ကိုင်အဖွဲ့ အများအပြားသည် အီရတ်အစိုးရ ဘတ်ဂျက်မှတဆင့် ငွေကြေး ထောက်ပံ့မှု ရယူထားပြီး အီရတ်နိုင်ငံ၏ လုံခြုံရေးယန္တရား အတွင်းတွင်လည်း ပါဝင်နေသည်။

အီရန်ထောက်ခံသူများကို တွေ့ရစဉ်

ထို့ကြောင့် အီရတ်လုံခြုံရေး အတွင်းစည်းအတွင်း ပါဝင်နေသည့် အီရန်လိုလားသည့် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကို ခံနေရသော အမေရိကန်နှင့် အခြားနိုင်ငံများက အီရတ်အစိုးရကို ဝေဖန်နေကြသည်။

ထိုကဲ့သို့ အမေရိကန်၏ ဖိအားပေးမှုများ မြင့်တက်လာနေသော်လည်း အီရတ်အစိုးရသည် အဆိုပါ လက်နက်ကိုင် အဖွဲ့များကို ထိန်းချုပ်ရန် သို့မဟုတ် တားဆီးရန် ရုန်းကန်နေရသည်။

အီရတ်ရှိ လက်နက်ကိုင်အဖွဲ့များသည် ယခုအခါ ဗဟိုချုပ်ကိုင်မှု လျော့နည်းသော ကွပ်ကဲမှုဖွဲ့စည်းပုံကို အသုံးချပြီး အီရန် အကြံပေးများ၏ လက်အောက်တွင် လှုပ်ရှားနေကြကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

ထိုလက်နက်ကိုင်တပ်ဖွဲ့ အမျိုးမျိုးကို ဗဟိုကွပ်ကဲမှုဌာနချုပ်သို့ တင်ပြစရာမလိုဘဲ မြေပြင် အခြေအနေအရ အကဲဖြတ်ပြီး ဆောင်ရွက်ခွင့် အာဏာကို ပေးအပ်ထားသည်ဟုလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အီရန်ထောက်ခံသူများကို တွေ့ရစဉ်

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည် အီရတ်နိုင်ငံ၏ အစိုးရအဖွဲ့အစည်းများ၏ အားနည်းချက် များနှင့် ထိုလက်နက်ကိုင် အဖွဲ့များကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အချက်ကို ပေါ်လွင်စေခဲ့သည်။

အမေရိကန်နှင့် အီရတ်ရှိ လက်နက်ကိုင် အဖွဲ့များကြား ဖြစ်ပွားနေသော ထိပ်တိုက်တွေ့မှုသည် အကျပ်အတည်း ကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

ထို့ပြင် အီရန်နှင့် အမေရိကန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခု မရရှိမီ အချိန်အထိ ထိုလက်နက်ကိုင် အဖွဲ့များသည် အီရန်၏ ဒေသတွင်း လှုပ်ရှားမှုများ၏ တိုးချဲ့အဖွဲ့အဖြစ် လှုပ်ရှားကာ အီရတ်နိုင်ငံရှိ အမေရိကန်၏ ပိုင်ဆိုင်မှုများကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့သည်။

Source: အေပီ