CNI International News

တိုကျို၊ ဇွန်လ ၁၈

အစ္စရေး-အီရန်စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ဂယက်ရိုက်ခတ်ခဲ့ပြီး တရုတ်၏ စွမ်းအင်လုံခြုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုအပေါ် စိန်ခေါ်မှုများ မြင့်တက်လာစေခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

တရုတ်သည် ရေနံဝယ်ယူမှုတွင် အီရန်နိုင်ငံအပေါ် မှီခိုနေရပြီး အီရန်၏ လျှော့စျေးဖြင့် ရောင်းချသည့် ရေနံစိမ်း စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်က ဝယ်ယူနေသည်။

ထိုပမာဏအရ တရုတ်သည် အီရန်ထံမှ နေ့စဉ် ရေနံစိမ်း စည်ပေါင်း ၁ ဒသမ ၇ သန်းခန့်ကို ဝယ်ယူနေခြင်းဖြစ်ပြီး ရှန်တုံ (Shandong ) မြို့ရှိ ရေနံချက်စက်ရုံများတွင် ပြန်လည်သန့်စင် ချက်လုပ်လျက်ရှိသည်။

သို့သော် အီရန်၏ စွမ်းအင်အခြေခံ အဆောက်အအုံများကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်နေမှုကြောင့် တရုတ်အတွက် အီရန်ထံမှ ရေနံဝယ်ယူမှုများသည် ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

ထို့ပြင် တရုတ်၏ ပုဂ္ဂလိက ရေနံချက်စက်ရုံများသည် အခြားနိုင်ငံများမှ ရေနံများကို စျေးကြီးပေးပြီး ဝယ်ယူရမည့် အခြေအနေသို့လည်း ရောက်ရှိစေခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ မြေပုံကိုတွေ့ရစဉ်

စစ်ရေးတင်းမာမှုများကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သို့မဟုတ် ပင်လယ်နီ (Red Sea) တွင် ဖြတ်သန်းသွားလာမှုများ ပိတ်ပင်ခံရမည်ဆိုပါက တရုတ်ရေနံတင် သင်္ဘောများအတွက် ကြီးမားသည့် စိန်ခေါ်မှုကို ရင်ဆိုင်ရနိုင်သည်။

ထို့ပြင် တရုတ်သည် အီရန်ကို သံတမန်ရေးအရ ထောက်ခံပေးနေပြီး အပစ်အခတ်ရပ်စဲရန် တိုက်တွန်းနေသလို အစ္စရေး အပါအဝင် ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားသည်။

လက်ရှိတွင် အီရန်-အစ္စရေး ပဋိပက္ခ အရှိန်မြင့် လာသည်နှင့်အမျှ အရှေ့အလယ်ပိုင်းဒေသကို ဖြတ်သန်းမည့် တရုတ်၏ ရည်မှန်းချက်ကြီးသော ပတ်လမ်း၊ ရပ်ဝန်း စီမံကိန်း (BRI) အတွက်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေ ရသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

 အီရန်နှင့် အစ္စရေးရှိ တရုတ်နိုင်ငံသားများကို အမြန်ဆုံး ကယ်ထုတ်ရန် လုပ်ဆောင်နေကြောင်း ဇွန်လ ၁၇ ရက် တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွမ် (Guo Jiakun) က ပြောကြားခဲ့သည်။

အစောပိုင်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်၏ မြို့တော် တီဟီရန် (Tehran) တွင် နေထိုင်သူများအားလုံး ချက်ချင်းပြောင်းရွှေ့ကြရန် လူမှုမီဒီယာ၌ ရေးသားခဲ့သည်။

Source: Nikkei Asia