CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၈

အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်ကနေ လူတိုင်းထွက်ခွာရန်ကြပြောပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ကနေဒါနိုင်ငံတွင် ပြုလုပ်သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အစည်းအဝေးမပြီးခင်  ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ၏ တင်းမာမှု မြင့်တက်လာသည့် အခြေအနေကြောင့် ကနေဒါမှ အမေရိကန်သို့ စောစော စီးစီး ပြန်လာခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ထရမ့်က သူသည် ဝါရှင်တန် (Washington) သို့ ခပ်စောစော ပြန်ရသည့် အကြောင်းရင်းများရှိကြောင်း၊ ကနေဒါ တွင် ဆက်နေချင်သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် အစောကြီး ပြန်သွားရခြင်းဖြစ်ကြောင်း၊ G7 ခေါင်းဆောင်များ အနေဖြင့်လည်း ၎င်းကို နားလည်လိမ့်မည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

G7 အစည်းအဝေးသည် အစ္စရေးနှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေးနှင့် သက်ဆိုင်မှုမရှိသဖြင့် ကနေဒါမှ အမြန်ဆုံး ပြန်လည်ထွက်ခွာ လာခဲ့ခြင်းဖြစ်ကြောင်း ထရမ့်က ဆိုသည်။

အီရန်နဲ့အစ္စရေးကြား စစ်ပွဲအတွင်း ဒုံးကျည်ထိမှန်တဲ့အဆောက်အအုံကိုတွေ့ရစဉ်

“ကျနော် အမေရိကန်ကို ပြန်သွားရတဲ့ အကြောင်းရင်းကတော့ အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲရေးအတွက် လုပ်စရာရှိလို့ဆိုပြီး ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) က လူသိရှင်ကြား မှားယွင်းပြောကြားခဲ့ ပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ကျနော့်မှာ အဲဒီထက်ကြီးမားတဲ့ ရည်ရွယ်ချက်ရှိပါတယ်” ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

G7 အဖွဲ့ဝင်နိုင်ငံများက အစ္စရေးကို ထောက်ခံကြောင်း အစီရင်ခံစာအား ဇွန်လ ၁၆ ရက် နှောင်းပိုင်းက ထုတ်ပြန်ခဲ့ ပြီး အစ္စရေး၏ ရန်ဘက်ဖြစ်သည့် အီရန်သည် အရှေ့အလယ်ပိုင်းကို မတည်မငြိမ်ဖြစ်စေသော  အဓိကရင်းမြစ် တစ်ခုအဖြစ် တံဆိပ်ကပ်ခဲ့သည်။

ထို့ပြင် ဒေသတွင်း ရန်လိုမှုများကို လျှော့ချကြရန်လည်း G7 ခေါင်းဆောင်များက တိုက်တွန်းခဲ့သည်။

ဇွန်လ ၁၃ ရက်တွင် အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးကတည်းက ၂ နိုင်ငံကြား အပြန် အလှန် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကာ ဒေသတွင်း ကျယ်ပြန့်သည့် စစ်ပွဲဖြစ်လာမည့် အခြေအနေကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

Source: Nikkei Asia