အီရန် နျူသဘောတူညီမှု မရလျှင် အစ္စရေးကတိုက်နိုင်ဟု ဆော်ဒီ ပြော
CNI International News
ရီးယာ့ဒ်၊ မေလ ၃၁
အီရန်အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမ်းလှမ်းသည့် နျူကလီးယား သဘောတူ ညီချက် ဆွေးနွေးညှိနှိုင်းမှုကို လက်ခံပြီး သဘောတူ စာချုပ်ချုပ်ဆိုရန် ဆော်ဒီကာကွယ်ရေးဝန်ကြီး ခါလစ် ဘင် ဆယ်လ်မန် အယ်ဆွတ် (Khalid bin Salman Al Saud) က အီရန်အရာရှိများကို ပြီးခဲ့သည့်လက တိုက်တွန်းခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
သဘောတူညီမှု ရယူမည်ဆိုပါက အီရန်၏ နျူကလီးယား စီမံကိန်းကို ဆန့်ကျင်နေသည့် အစ္စရေးနှင့် အီရန်ကြား စစ်ပွဲဖြစ်ပွားနိုင်သည့် အန္တရာယ်ကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်ဟု အယ်ဆွတ်က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် တည်ငြိမ်မှု ပိုမိုပျက်ယွင်းလာချိန်တွင် ဆော်ဒီ၏ အသက် ၈၉ နှစ်အရွယ် ဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ် (Salman bin Abdulaziz) သည် သားဖြစ်သူ အယ်ဆွတ်ကို အီရန်သို့ စေလွှတ်ကာ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ကို ထိုကဲ့သို့ အမှာ စကား ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ပင်လယ်ကွေ့ သတင်းရင်းမြစ်နှင့် အီရန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
ပုံစာ- သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ်
ဧပြီ ၁၇ ရက်က တီဟီရန် (Tehran) မြို့တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သည့် တံခါးပိတ် ဆွေးနွေးပွဲ၌ ဆော်ဒီအိမ်ရှေ့မင်းသား အယ်ဆွတ်နှင့်အတူ အီရန်သမ္မတ မာဆွတ် ပီဇက်ကီယန် (Masoud Pezeshkian)၊ အီရန်စစ်ဦးစီးချုပ် မိုဟာမက် ဘာဂီရီ (Mohammad Bagheri) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araqchi) တို့ ပါဝင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ထိုအချိန်က အသက် ၃၇ နှစ်အရွယ် ဆော်ဒီအိမ်ရှေ့စံ အယ်ဆွတ်၏ အီရန်ခရီးစဉ်တွင် ဆော်ဒီဘုရင် ဆယ်လ်မန် ၏ အမှာစကားပေးပို့မှုကို မီဒီယာများက ဖော်ပြခဲ့ခြင်းမရှိဘဲ ယခုအချိန်မှ ထိုအကြောင်းအရာများ ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။
ထရမ့်၏ ပထမသက်တမ်း ကာလက အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ် တာဝန်ကို ထမ်းဆောင်ခဲ့သည့် မင်းသားအယ်ဆွတ်က ထရမ့်သည် အီရန်နျူကလီးယား ဆွေးနွေးမှုများအပေါ် စိတ်မရှည်တော့ကြောင်း အီရန် အရာရှိများကို သတိပေးခဲ့သည်ဟု သတင်းရင်းမြစ် ၄ ခုက ထုတ်ပြန်ခဲ့သည်။
ပုံစာ- သမ္မတ ဒေါ်နယ်ထရမ့်၊ ဆော်ဒီမင်းသားနဲ့ ဆီးရီးယားသူပုန်ကနေ သမ္မတဖြစ်လာသူကိုတွေ့ရစဉ်
ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းက အီရန်၏ နျူကလီးယားစီမံကိန်းကို ထိန်းချုပ်ရန်အတွက် အီရန်နှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ကြေညာခဲ့သည်။
သဘောတူညီမှု ရရှိခဲ့မည်ဆိုပါက အမေရိကန်သည် အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်း ပေးမည်ဟု ဆိုသည်။
ဆော်ဒီမင်းသား အယ်ဆွတ်ကလည်း ထရမ့်၏ အဖွဲ့သည် သဘောတူညီမှု အလျင်အမြန် ရရှိလိုကြောင်း၊ သံတမန် အားထုတ်ကြိုးပမ်းမှုသည့် မကြာမီ အဆုံးသတ်ဖွယ်ရှိနေကြောင်း အီရန်ထိပ်သီး အရာရှိများကို ပြောကြားခဲ့သည် ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
Source: ရိုက်တာ