CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၉
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အနိုင်ရရှိခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းပဋိပက္ခသည် ရေရာမှုမရှိသည့် အခြေအနေကို ရောက်ရှိစေခဲ့ကာ အီရန်နှင့် အစ္စရေးအကြား ပဋိပက္ခ ပိုမိုဆိုးရွားလာနိုင်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထရမ့်သည် စစ်ပွဲများကို ရပ်တန့်မည်ဟု အောင်ပွဲခံ မိန့်ခွန်းအတွင်း ကတိပြုပြောကြားခဲ့သည့်တိုင် သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ သီတင်းပတ် ၁၀ ပတ်ကြာ ကာလအတွင်း အီရန်-အစ္စရေး တိုက်ပွဲဖြစ်ပွားလာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်နေသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင်နေတန်ယာဟု (Benjamin Netanyahu) သည် ၎င်း၏မဟာမိတ်ဖြစ်သည့် ထရမ့် အနိုင်ရမှုကြောင့် ပိုမိုရဲတင်းလာပြီး ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့၏ နောက်ဆုံးလက်ကျန် နေ့ရက်များ အတွင်း အီရန်ကို ပြင်းထန်စွာ တိုက်ခိုက်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက သတိပေးထားသည်။
ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီး မကြာမီ အချိန်အတွင်းမှာပင် ထရမ့်နှင့် နေတန်ယာဟုတို့သည် ဖုန်းပြော ဆိုခဲ့ကြပြီး အီရန်၏ ခြိမ်းခြောက်မှုကို ဆွေးနွေးကာ အစ္စရေး၏ လုံခြုံရေးကို တိုးမြှင့်ရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
ထရမ့်သည် အစ္စရေး၏ ပြတ်သားသည့် အနိုင်ရရှိမှုနှင့်အတူ ဒေသတွင်းစစ်ပွဲကို အမြန်ဆုံးပြီးစေရန် ဆန္ဒရှိနေ ကြောင်း ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလိဇဘတ် ပစ်ကို (Elizabeth Pipko) က အစ္စရေးရုပ်သံဌာန Keshet 12 ကို နိုဝင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။
ပါလက်စတိုင်းအလံကို တွေ့ရစဉ်
ဘိုင်ဒန်အစိုးရ ထွက်ခွာကာနီး အချိန်တွင် အီရန်နှင့် အစ္စရေးအကြား စစ်ပွဲဖြစ်ပွားမည့် အခြေအနေများလည်း ပိုမိုမြင့်တက်လာလိမ့်မည်ဟု နယူးယောက်အခြေစိုက် Crisis Group ဘေးအန္တရာယ်အတိုင်ပင်ခံကုမ္ပဏီမှ အစ္စရေးအရေးကျွမ်းကျင်သူ မိုင်ရက်ဗ် ဇွန်ဇင် (Mairav Zonszein) က ပြောကြားခဲ့သည်။
နေတန်ယာဟုသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို တားဆီးသည့် ၎င်း၏ မူဝါဒကို အလျှော့မပေးဘဲ ဂါဇာ စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီမှု ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း ကျွမ်းကျင်သူများက ပြောသည်။
လက်ရှိ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် လုံခြုံရေး အနေအထားအရ ထရမ့်သည် အီရန်ကို ဆန့်ကျင်သည့် တင်းမာသော သဘောထားကို ကျင့်သုံးလိမ့်မည်ဟု ဂျီနီဗာ (Geneva) အခြေစိုက် Global Governance Centre ကျွမ်းကျင်ပညာရှင်အဖွဲ့မှ သုတေသီတစ်ဦးဖြစ်သူ ဖာဇန် ဆာဘက် (Farzan Sabet) က ပြောကြားခဲ့သည်။
"၁၉၈၀ ပြည့်နှစ် အီရန်-အီရတ်စစ်ပွဲ ပြီးကတည်းက အမေရိကန်နဲ့ အီရန်အကြား တိုက်ရိုက်ပဋိပက္ခ ဖြစ်ပွားနိုင်တဲ့ အခြေအနေဟာ အရင်ကထက် ပိုမိုမြင့်တက်လာပါတယ်" ဟု ဆာဘက်က ပြောကြားခဲ့သည်။
Source: South China Morning Post