CNI International News
ဂျေရုဆလင်၊ ဇွန်လ ၁၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ခြွင်းချက်မရှိ လက်နက်ချရန် ပြောကြားခဲ့သော်လည်း အီရန် ဘာသာရေးခေါင်းဆောင် အလီခါမေနီ(Khamenei)က ဇွန်လ ၁၈ ရက်တွင် ပယ်ချခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
အီရန်နိုင်ငံ တီဟီရန် (Tehran) မြို့တော်တွင် နေထိုင်သူအားလုံး ဘေးလွတ်ရာ တိမ်းရှောင်ကြရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တိုက်တွန်းခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်တွင် တီဟီရန်မြို့မှ လူပေါင်း ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ထရမ့်သည် အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်နေသည့် အစ္စရေးနှင့် ပူးပေါင်းရန် အပါအဝင် အခြား ရွေးချယ်စရာရှိသည့် လုပ်ဆောင်ချက်များကို စဉ်းစားနေသည်ဟုလည်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ သည်။
ထရမ့်က အီရန်ကို ခြွင်းချက်မရှိ အညံ့ခံ လက်နက်ချရန် ပြောကြားခဲ့ပြီးနောက် အီရန်နှင့် အစ္စရေးသည် ဒုံးကျည် များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေသည်။
အီရန်ဘာသာရေးခေါင်းဆောင် အလီခါမေနီကို တွေ့ရစဉ်
အီရန်၏ စစ်ရေးပစ်မှတ်များကို လေကြောင်း တိုက်ခိုက်ရန်အတွက် တီဟီရန်မြို့တော် အနောက်တောင်ပိုင်းတွင် နေထိုင်သူများအား ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အစ္စရေးက တိုက်တွန်းထားသည်။
အီရန်မီဒီယာများကလည်း တီဟီရန်မြို့တော်မှ နိုင်ငံမြောက်ပိုင်း ပြည်နယ်များသို့ ပြောင်းရွှေ့နေသည့် ကားများ သည် လမ်းများပေါ်တွင် ပြည့်ကျပ်နေကြောင်း ဖော်ပြခဲ့သည်။
အာဏာပိုင်များကမူ နိုင်ငံအတွင်း လောင်စာဆီများကို အကန့်အသတ် ပမာဏဖြင့် ရောင်းချနေပြီး လောင်စာဆီ ပြတ်လပ်နိုင်ခြေကို တားဆီးရန်အတွက် ထိုကဲ့သို့ တားမြစ် ကန့်သတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရေနံ ဝန်ကြီး မိုဆန် ပက်ခ်နီဂျက် (Mohsen Paknejad) က နိုင်ငံပိုင်ရုပ်သံမှတဆင့် ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံ တဲလ်အဗစ် (Tel Aviv) မြို့တွင်လည်း ပေါက်ကွဲသံများကြားရသည်။
အစ္စရေးနဲ့အီရန် စစ်ပွဲအတွင်းက ပြည်သူများကိုတွေ့ရစဉ်
ဇွန်လ ၁၈ ရက် နံနက်ပိုင်းက အီရန်ဘက်မှ ဒုံးကျည်များကို အစုလိုက် ၂ သုတ်ခွဲပြီး အစ္စရေးကို ပစ်ခတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
တီဟီရန်မြို့တော်တောင်ပိုင်း ရေး (Rey) မြို့တွင်လည်း ဇွန်လ ၁၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမည်မသိ သေနတ်သမားများကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားများသည် တီဟီရန်တွင် အကြမ်းဖက်မှု များ ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။
ထိုသေနတ်သမားများသည် အစ္စရေးနှင့် ပတ်သက်မှုရှိနိုင်ကြောင်း အီရန်၏ Mehr သတင်းအေဂျင်စီက ဖော်ပြခဲ့ သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်တွင် သေဆုံးသူ စုစုပေါင်း ၂၂၄ ဦးရှိလာခဲ့ပြီး အစ္စရေးတွင်လည်း အီရန်၏ တိုက်ခိုက်မှုများကြောင့် ၂၄ ဦး သေဆုံးခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
Source: ရိုက်တာ