CNI International News

တီဟီရန်၊ စက်တင်ဘာ ၃

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က အီရန်အစိုးရအနေ ဖြင့် ရန်သူများနှင့် ဆွေးနွေးမည်ဆိုပါက အလုပ်ဖြစ်နိုင်ခြေရှိကြောင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကို ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အလီခါမေနီ၏ မှတ်ချက်စကားအရ ပြုပြင်ပြောင်းလဲရေးဝါဒီ ပီဇက်ရှ်ကီယန်၏ အစိုးရအဖွဲ့ လက်ထက်တွင် ဆွေးနွေးပွဲများ ဖြစ်လာနိုင်ခြေရှိသည့် အလားအလာကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန်ကို မယုံကြည်ရကြောင်း လည်း သတိပေးခဲ့သည်။

ပီဇက်ရှ်ကီယန် အနေဖြင့် အီရန်၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီ (IAEA)သည် အနောက်နိုင်ငံများနှင့်အတူ နောက်တစ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အစ္စရေးနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် အီရန်အစိုးရသည် နိုင်ငံတကာ ကြားဝင်စေ့စပ်ညှိနှိုင်း ပေးသူများနှင့်လည်း ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်ခွင့် ရရှိခဲ့ခြင်းလည်းဖြစ်သည်။

အီရန်သည် ၂၀၁၅ ခုနှစ်ကလည်း အနောက်နိုင်ငံများနှင့် နျူကလီးယား သဘောတူညီချက်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ဖူးသည်။

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်ကို တွေ့ရစဉ်

လက်ရှိတွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေပြီး နိုဝင်ဘာလ တွင် အမေရိကန်သမ္မတရွေးကောက်ပွဲ ရှိနေချိန်၌ ပီဇက်ရှ်ကီယန် အနေဖြင့် မည်သို့ ကိုင်တွယ်သွားမည်ကို စောင့်ကြည်ရမည်ဖြစ်သည်။

"ကျနော်တို့အနေနဲ့ စိတ်ချရတဲ့ အခြေအနေတွေမှာ ရန်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ (ဆွေးနွေးပွဲတွေ) မလုပ် နိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်သူတွေကိုလည်း မယုံကြည်ရပါဘူး" ဟု အလီခါမေနီက ပြောကြားခဲ့ သည်။  

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်က အမေရိကန်သည် ၂၀၁၈ ခုနှစ်တွင် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက် သွားခဲ့ပြီးနောက် အလီခါမေနီ (၈၅ နှစ်) သည် ဆွေးနွေးပွဲများ ဆက်လုပ်ရန် သို့မဟုတ်ပါက သဘောတူညီချက်ကို ပယ်ဖျက်ရန် မကြာခဏ တိုက်တွန်းခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း အမေရိကန်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများဖြစ် သော အိုမန်နှင့် ကာတာနိုင်ငံတို့ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အမေရိကန်နှင့် အီရန်အကြား သွယ်ဝိုက်ဆွေးနွေးပွဲများ ဖြစ်မြောက်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မိမိတို့အနေဖြင့် အလီခါမေနီ၏ ပြောကြားချက်နှင့်ပတ်သက်ပြီး အပြော ထက်၊ အလုပ်ကို စောင့်ကြည့်ပြီး စဉ်းစားသုံးသပ် သွားမည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

Source: ရိုက်တာ