CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော အာရက္ခတပ်တော် (AA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် နစကမှ ကြေညာမှုနောက်ပိုင်း ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ်  စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား အမျိုးမျိုးသုံးသပ်လျက်ရှိနေသည်။

TNLA၊ MNDAA တို့သည် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကို ဖြစ်စေ၊ အရေးကြီး သော အခြေခံ အဆောက်အအုံကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ လမ်း၊ တံတားများကို ဖျက်ဆီးနေကြောင်း ထို့ကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ကြေညာသော်လည်း စစ်ရေးအခြေအနေမှာ ပိုမိုပြင်းထန်လာရန် မရှိကြောင်း၊ တိုက်ပွဲများမှာ ပြည်မ ဒေသအထိ ရောက်ရှိလာပြီဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

နစက-က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာချက်ထုတ်ပြန်စဉ်

၎င်းက “ပိုပြီးလုပ်လာနိုင်မလား ဆိုတဲ့ဟာကတော့ မှန်းဆလို့တော့ ရတာပေါ့ဗျာ၊ ဒါပေမဲ့ သူမှာရော ဘယ်လောက် အင်အားရှိလို့လဲ၊ နောက် သူလုပ်နေတာက စစ်က တစ်နေရာ တစ်ကွက်ထဲမှာ မဟုတ်တော့ဘူးဗျ၊ အခုဖြစ်နေတဲ့ ဟာလေ၊ အခုဆိုရင် မြေလတ်ပိုင်းဆိုတာထက် အခုနေပြည်တော်ထဲကိုတောင်မှ စစ်မြှားဦးက အဲဒီဖက်ကို ရောက် လာကြပြီလေ၊ ရောက်လာကြပြီဆိုတဲ့အချိန်မှာ သူက ခြိမ်းခြောက်လို့တော့ ရမယ်၊ နောက်ပြီးတော့ နဂိုလည်း သူတို့ ဗုံးကြဲတာတို့ လက်နက်ကြီးနဲ့ ပစ်တာတို့ကတော့ ကမ်းကုန်အောင် လုပ်ခဲ့ပြီးပြီဗျာ၊ ဒီထက်ပိုလို့တော့ ကျနော်ထင်တယ်၊ တိုးပြီးတော့ ထူးနိုင်မယ်လို့ မထင်တော့ဘူး” ဟု ပြောသည်။

ထို့နောက် AA အဖွဲ့ကိုလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာမှုကို တစ်ဖက်အင်အားစုကလည်း တုန့်ပြန်လာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူ လူထုများအတွက် စိုးရိမ်စရာဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အန်တီအမြင်ကတော့ ပိုပြီးတော့ လုပ်လာနိုင်တယ်လို့ မြင်တယ်။ အန်တီတို့ စစ်တွေမှာဆိုလည်း ည ၉ နာရီမထွက်ရ အမိန့်ထုတ်ထားပေမယ့် ၇ နာရီလောက်ကတည်းက သေနတ်သံတွေ ကြားနေရတယ်၊ မြို့ထဲမှာ နော်၊ ဘယ်နေရာ ဘာကြောင့်လဲဆိုတော့ မနက်မိုးလင်းရင် စုံစမ်းကြည့်တော့ နားစွင့်ကြည့်တာပေါ့နော်၊ ဘာဖြစ်တာလဲ ဘာမှ မသိရဘူးပေါ့နော်၊ ၉ နာရီဆို ၉ နာရီအထိ အန်တီဆို နေမကောင်းလို့ ဆေးခန်းသွားတယ်၊ ဆေးသွင်းတယ်၊ ၉ နာရီမထိုးခင် ပြန်လာဖို့တောင်မှ ဆေးမသွင်းရဲဘူးပေါ့နော်၊ ဘာလို့ဆို ၇ နာရီကျော်ကျော် ဖြစ်နေပြီ ကြောက်စိတ်ဝင်နေတာပေါ့၊ ကြောက်တယ်ဆိုတာ AA လည်း အန်တီတို့ဖက်မှာ ရှိလားမရှိလား မသိရ ဘူး။ လက်ရှိရှိနေတာက အန်တီတို့မှာ လက်ရှိအစိုးရပဲ ရှိနေတဲ့အတွက် အဲဒီအစိုးရပဲ ကြောက်နေရတယ်လေ၊ သူတို့က ဖမ်းတာကိုး၊ ကျမဆေးသွားသွင်းတာပါ ပြောရင်လည်း ကားပေါ်တက် အချုပ်ထဲ-ထဲ အန်တီတို့ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူးလေ၊ ပိုဆိုးလာမယ်လို့ပဲ မြင်တယ်၊ ဘာလို့လဲဆို‌တော့ သူတို့ကလည်း ကြေညာတယ်၊ ဟိုဖက် ကလည်း တုန့်ပြန်မယ်ဆိုတော့ ကြားမှာတော့ အန်တီတို့အတွက်ကိုတော့ စိုးရိမ်မှုတွေ အများကြီး ဖြစ်လာနိုင် တယ်” ဟု ပြောသည်။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး ရှမ်းမြောက် နှင့် ရခိုင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင်သဘောတူညီချက်ကို ရရှိကာ အပစ်အခတ်ရပ်စဲခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှာ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်။

လက်ရှိ နစကဘက်မှ  AA၊ MNDAA၊ TNLA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားလိုက်ခြင်းကြောင့် ၎င်းတို့ အား လက်နက်ခဲယမ်း ထောက်ပံ့သူ သို့မဟုတ် အဖွဲ့အစည်း၊ စားနပ်ရိက္ခာနှင့် ခိုလှုံခွင့်ပြုသူ သို့မဟုတ် အဖွဲ့အစည်းများသည် အကြမ်းဖက်ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ထောက်ပြကြသည်။

ထို့နောက် AA၊ MNDAA၊ TNLA တို့ကို လက်နက်ခဲယမ်း ထောက်ပံ့နေသူ သို့မဟုတ် အဖွဲ့အစည်းများကိုပါ သတိ ပေးလိုက်သလိုဖြစ်ကာ မြန်မာ့တပ်မတော်က စစ်ရေးဖိအားပြန်လည် လုပ်လာနိုင်သည်ဟု စစ်ရေးအကဲခတ်တချို့ က သုံးသပ်နေကြသည်။