CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်ပြီး နယ်မြေများထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs)များအား နစကအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ နယ်မြေပေး၍မရ ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော် အကျပ်အတည်းနှင့် အစိုးရ၊ နိုင်ငံသားများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ ခေါင်းစဥ်ဖြင့် နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးလေ့လာသူများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့တွင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပျံ့နှံ့လာသော ရုပ်သံဖိုင်နှင့် ပတ်သက်၍ CNI သတင်းဌာန၏ မေးမြန်းချက်ကို သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဦးသိန်းထွန်းဦးက “၂၀၀၈ အခြေခံဥပဒေအောက်ကနေ အာဏာထိန်းထားတာ ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ အခြေခံဥပဒေကို လုံးဝ ကျော်လွန်လို့မရပါဘူး၊ ခုနပြောတဲ့ ဗွီဒီယို(လားရှိုးမြို့မှာ ပျံ့နှံ့ခဲ့တဲ့ရုပ်သံ)ကိစ္စသည် တစ်ဖက်ထဲက ထုတ်တာဖြစ်ပြီးတော့ ဝါဒဖြန့်ပြီးတော့ ပြောတဲ့ဟာလား၊ တကယ်ရော သဘောတူညီချက် အတိအကျရှိရဲ့လား ဆိုလိုတာက ကျနော်တို့က တစ်လမ်းသွား Information တစ်ခုအပေါ်မှာ ကောက်ချက်ချ သလို ဖြစ်နေပြီ၊ အဲတော့ ဘာပဲပြောပြော ကျနော်တို့ ဒီ MNDAA နဲ့ အပစ်ရပ်တဲ့အချိန်မှာ သူတို့ဘက်က ထုတ်လိုက်တယ်၊ ကျနော်တို့ရဲ့ နစကကိုယ်တိုင်က သတင်းမထုတ်တဲ့အခါမှာ တရားဝင်သတင်းထုတ်ပြန်မှု မရှိသေးတဲ့ သုံးသပ်ချက်တွေဟာ ကျနော်တို့လည်း ဆက်ဆွဲလို့မရဘူး၊ အပစ်အခတ်ရပ်စဲတာထိကတော့ မှန်တယ်၊ ကျနော်တို့ ဒါကို ကောက်ချက်ချလို့ရတယ်၊ အဲတော့ ခုနပြောသလို နယ်မြေပေးထားသလား၊ မပေးထားသလားဆို တဲ့ကိစ္စက ဘယ်အချက်အပေါ် မူတည်ပြီး ကျနော်တို့ အဖြေရှာမလဲ၊ အဲတော့ ကျနော်တို့ ဒေတာမပြည့်စုံပဲနဲ့ ဖြစ်နိုင်ခြေရှိသလား၊ မရှိသလားဆိုတာ ကျနော်တို့လည်း ပြောပြလို့မရဘူး၊ ဘာမှဒါနဲ့ ပတ်သက်ပြီးတော့ ပြောလို့ မရဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့ MNDAA အဖွဲ့များအားလုံး လားရှိုးမြို့မှ ဆုတ်ခွာရမည်ဖြစ်ပြီး မြန်မာနိုင်ငံတော်အစိုးရသည် မိမိတို့ MNDAA အဖွဲ့အား ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင် စသည့် ခရိုင် ၄ ခုအား အထူးဒေသ (၁) အဖြစ် သတ်မှတ်ကာ တရားဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပြီဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့(MNDAA)မှ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦး လားရှိုးမြို့၊ တရုတ်နှစ်သစ်ကူးပွဲတွင် ပြောကြားနေသော ရုပ်သံဖိုင်တစ်ခု လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။
၂၀၀၈ အခြေခံဥပဒေအောက်တွင် နစကသည် နယ်မြေပေး၍ မရကြောင်း၊ ပေးချင်သည်ဆိုပါက ၂၀၀၈ ခြေ/ဥ အား ဖျက်သိမ်းကာ အာဏာသိမ်းမှ ပေး၍ရမည်ဖြစ်ကြောင်း၊ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ထိုကဲ့သို့ လုပ်မည်ဟု မထင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးကို တွေ့ရစဉ်
၎င်းက “အဲတော့ ဖြစ်နိုင်ခြေက တစ်ခုပဲရှိတယ်၊ အဲလိုမျိုး ကိုယ့်ဟာကိုယ် ပေးချင်တယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အာဏာသိမ်းလိုက်၊ အဲတာဆိုရင် ပေးလို့ရတယ်၊ သူလုပ်မယ်တော့ ကျနော်တို့ မထင်ဘူး၊ ဖြစ်နိုင်ဖို့ အင်မတန်ခဲယဥ်းတယ်၊ တစ်ဖက်တည်းက ရလာတဲ့ သတင်းပေါ် မူတည်ပြီးတော့ ပေးထားလား၊ မပေးထားလားဆိုတာ Analysis လုပ်ဖို့ အရမ်းခက်တဲ့ အတွက်ကြောင့် အပစ်ရပ် ကလွဲပြီးတော့ ကျန်တဲ့အပိုင်းတွေကို ဘာမှအာမခံချက် မရှိဘူး၊ အဲတော့ ပေးလို့လည်း မရတဲ့အတွက် ပေးခဲ့တဲ့ ဆိုရင်တောင် သူအမှားကြီးကြီး ကျူးလွန်တာဖြစ်ပြီး သူလုပ်လိမ့်မယ်လို့ ကျနော်မထင်ဘူး၊ အဲတော့ အဲဒီအပိုင်း ကတော့ နောက်ပိုင်းဆက်ပြီးတော့ ဒေတာတွေ ရလာတဲ့အချိန်ကျရင် ပြန်လည်သုံးသပ်ချက် ထွက်ကောင်း ထွက်လာပါလိမ့်မယ်၊ အခုအချိန်မှာတော့ အပစ်ရပ်ထားတယ် ဆိုတာကလွဲလို့ ကျန်တဲ့ နယ်မြေပေးခြင်းဆိုတဲ့ ကိစ္စကို ကျနော်တို့ ဖြေရှင်းလို့မရပါဘူး” ဟု ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့အကြား ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စစ်မော်နင်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်ရပ်ပြီးနောက် ခရိုင် ၄ ခုအား အထူးဒေသ (၁) အဖြစ် သတ်မှတ် ပေးကြောင်း ရုပ်သံဖိုင် ပျံ့နှံ့လာသလို လားရှိုးမြို့မှ ကိုးကန့်တပ်များ အသုတ်လိုက် ဆုပ်ခွာမည်ဟူ၍လည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထိုသို့ အထူးဒေသ (၁) အဖြစ် နယ်မြေသတ်မှတ်ပေးခြင်းအား ၂၀၀၈ အခြေခံဥပဒေ၏အောက်တွင် ပေး၍ ရ/မရ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် လားရှိုးမြို့ အပါအဝင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ချင်းရွှေဟော်၊ လောက် ကိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ သိန္နီ၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ စသည့်မြို့များအား တိုက်ခိုက် ထိန်းချုပ်ထားသည်။