CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဖလော်ရီဒါ (Florida) ပြည်နယ်ရှိ ၎င်း၏ Mar-a-Lago စံအိမ်ကြီးတွင် ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းက သမ္မတအုပ်ချုပ်ရေးအမိန့် ၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုသမ္မတအုပ်ချုပ်ရေး အမိန့်များအရ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး တရုတ်ကုန်စည်များကို လက်ရှိကောက်ခံသည့် အခွန်များထက် နောက်ထပ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

ထိုအမိန့်များသည် ဖေဖော်ဝါရီ ၄ ရက်တွင် စတင် အသက်ဝင်လာမည်ဖြစ်သည်။

“သမ္မတထရမ့်က မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်တို့အပေါ် ပြင်းထန်တဲ့ အရေးယူ လုပ်ဆောင်မှု ပြုလုပ်ခဲ့ပါတယ်။ တရုတ်အရာရှိတွေဟာ မူးယစ်ဆေးဝါး ဂိုဏ်းတွေဆီကို မူးယစ်ဆေး ထုတ်လုပ်နိုင်တဲ့ ဓာတုဆေးဝါးတွေ စီးဆင်း နေတာကို အရေးယူတားဆီးဖို့ ပျက်ကွက်ပြီး ငွေကြေးခဝါချမှုတွေကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပါဘူး”ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

“အမေရိကန်ပြည်သူတွေကို ကာကွယ်ပေးဖို့ လိုပါတယ်။ အဲဒါက ပြည်သူအားလုံးရဲ့ လုံခြုံရေးအတွက် သမ္မတ တစ်ဦးရဲ့ တာဝန်ဝတ္တရားဖြစ်ပါတယ်”ဟု ထရမ့်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

မက္ကဆီကို သမ္မတကို တွေ့ရစဉ်

ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့ကမူ အမေရိကန်ကို တင်ပို့သည့် ၎င်းတို့၏ ပို့ကုန်များအပေါ် အခွန်များ တိုးမြှင့် ကောက်ခံမှုအား တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

ထရမ့်ကမူ သူသည် ရွေးကောက်ပွဲအကြို မဲဆွယ် ကတိကဝတ်ဖြစ်သည့် တရားမဝင် လူဝင်မှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတို့ကို တိုက်ဖျက်မည်ဆိုသည့် ကတိစကားအား အကောင်အထည်ဖော်သည့် အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

ကနေဒါနှင့် မက္ကဆီကိုတို့ကမူ ၎င်းတို့သည် အမေရိကန်က တင်ပို့သည့် အမေရိကန်ကုန်စည်များကို အလားတူ အခွန်တိုးမြှင့် ကောက်ခံရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့ပြီး တရုတ်ကလည်း ၎င်း၏ တရားဝင်မှုရှိသည့် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည့် တန်ပြန်အစီအစဉ်များ လုပ်ဆောင်သွား မည်ဟု ပြောကြားခဲ့သည်။

ထိုကဲ့သို့ ပို့ကုန်၊ သွင်းကုန်များအပေါ် အခွန်များ အပြန်အလှန် တိုးမြှင့်ကောက်ခံခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး စစ်ပွဲတစ်ခု စတင်သည့် ခေတ်သစ်တစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များက သတိပေးခဲ့သည်။

Source: South China Morning Post