CNI International News
ဟောင်ကောင်၊ မတ်လ ၁၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် တရုတ်၏ သင်္ဘောများကို အခကြေးငွေများ များပြား စွာ ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့ပြီး တရုတ်ကုန်စည်များအပေါ် အခွန်များတိုးမြှင့် ကောက်ခံနေချိန်တွင် အာရှမှ ကုန်စည်တင်ပို့သူများသည် အမေရိကန်သို့ ကုန်စည်များ ဆက်လက်တင်ပို့နေကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ် ပထမ ၂ လအတွင်း အမေရိကန်သို့ ဦးတည်လာသည့် ကွန်တိန်နာတင် သင်္ဘောအရေအတွက်သည် မြင့်တက်ခဲ့ပြီး လော့စ်အိန်ဂျလိစ် ဆိပ်ကမ်း(Port of Los Angeles) သည် ၎င်း၏ ဆိပ်ကမ်းသက်တမ်း ၁၁၇ နှစ် အတွင်း သင်္ဘော အဝင်၊အထွက် အများဆုံးကာလ ဖြစ်ခဲ့သည်ဟု ဆိုသည်။
ယခုနှစ် ပထမ ၂ လအတွင်း အမေရိကန်၏ ဆိပ်ကမ်းများတွင် ပေ ၂၀ ကွန်တိန်နာ အလုံးရေး ၄ ဒသမ ၃ သန်းကို စီမံခန့်ခွဲခဲ့ရသည်။
ပြီးခဲ့သည့်နှစ်က ကွန်တိန်နာ အလုံးရေ ၃ ဒသမ ၀၁ သန်းမှ ပိုမိုမြင့်တက် လာခဲ့ခြင်းဖြစ်သည်ဟု အမျိုးသား လက်လီရောင်းချမှုဆိုင်ရာအဖွဲ့ချုပ် (NRF) က ထုတ်ပြန်ခဲ့သည်။
ပုံမှန်အားဖြင့် တရုတ်နှစ်ကူး ကာလဖြစ်သည့် ဖေဖော်ဝါရီလအတွင်း ကွန်တိန်နာများ ရောက်ရှိမှု နှေးကွေးလေ့ရှိ သော်လည်း ယခုနှစ် ဖေဖော်ဝါရီလသည် ၃ နှစ်အတွင်း ဆိပ်ကမ်းများ၌ သင်္ဘောအဝင်အထွက် အများဆုံး ဖြစ်ခဲ့ သည်ဟု ဆိုသည်။
ကုန်ပစ္စည်းများနှင့် အခွန်နှုန်းထားများကို ညွန်းပြထားစဉ်
ထိုအခြေအနေများကို သုံးသပ်ခြင်းဖြင့် တရုတ်၏ ကုန်စည်တင်ပို့သူများသည် အမေရိကန်သို့ သင်္ဘောများနှင့် ကုန်စည်များ ပို့ဆောင်မှုကို တိုးမြှင့်ဖွယ်ရှိသည်ဟု ယူဆနိုင်ခြေရှိသည်။
သို့သော်လည်း ထရမ့်၏ မခန့်မှန်းနိုင်သည့် မူဝါဒများနှင့် ကုန်သွယ်ရေး အစီအမံများသည် တရုတ်၏ ကုန်သွယ်ရေး ပုံစံများကို တည်ငြိမ်မှုမရှိ ဖြစ်စေနိုင်ကာ အနာဂါတ် ပို့ကုန်ကဏ္ဍ အလားအလာကို ရေရာမှု မရှိစေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ကြောင့် တရုတ်၏ ကုန်စည်တင်ပို့သူများည် အမေရိကန်၏ ဖြစ်လာနိုင်ဖွယ်ရှိသည့် မူဝါဒ အပြောင်းအလဲများ မတိုင်မီ အမေရိကန်သို့ ကုန်စည်များကို သင်္ဘောများဖြင့် အလျင်စလို တင်ပို့ဖွယ် ရှိသည်ဟုလည်း လေ့လာသူများ က ပြောကြားခဲ့သည်။
ထရမ့်သည် ၎င်း၏ ပထမ သက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်းကလည်း ဒေါ်လာ ဘီလျံချီ တန်ကြေးရှိသော တရုတ်၏ ပို့ကုန်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံခဲ့သဖြင့် တရုတ်ကလည်း အလားတူ စီမံကိန်းများနှင့် အမေရိကန်၏ ကုန်စည်များကို အခွန်းတိုးကောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားခဲ့သည်။
Source: Nikkei Asia