CNI International News

ဘေကျင်း၊ နိုဝင်ဘာ ၂၈

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အနေဖြင့် ဖန်တနိုင်း မူးယစ်ဆေးဝါးများ စီးဆင်းမှုနှင့်ပတ်သက်ပြီး တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်များ တိုးမြှင့်ကောက်ခံမည်ဆိုပါက ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ပျက်ကိန်းကြုံမည့် အခွန်စစ်ပွဲဖြစ်လာနိုင်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လာမည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ် စတင်ရုံးထိုင်မည့် ထရမ့်က တရုတ်အနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို ထိန်းချုပ်ဟန့်တားခြင်း မရှိလျှင် တရုတ်နိုင်ငံမှ တင်ပို့သည့် ကုန်စည်များအပေါ် နောက်ထပ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် ထရမ့် အာဏာရမလာမီ တရုတ်နှင့် အမေရိကန် အစိုးရတို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို အပြန်အလှန် ချပြနေကြသည်။

မူးယစ်ဆေးဝါးများကို တွေ့ရစဉ်

ထရမ့်၏ ပထမသက်တမ်းက တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များကို ကမောက်ကမ ဖြစ်စေခဲ့ကာ နိုင်ငံတိုင်းတွင် ငွေကြေးဖောင်းပွမှုများနှင့် ကြွေးမြီများ မြင့်တက်ခဲ့ သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်များကို ဖော်ပြသည့် China Daily နှင့် Global Times သတင်းစာများကမူ ထရမ့်အနေဖြင့် ဖန်တနိုင်း မူးယစ်ဆေး ပြဿနာနှင့်ပတ်သက်ပြီး တရုတ်ကို အပြစ်ရှာခြင်းမပြုရန်၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ရန် ဖော်ပြခဲ့သည်။

"ရွေးကောက်ခံသမ္မတ (ထရမ့်) အနေနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးမြှင့် ကောက်ခံမယ့် ခြိမ်းခြောက်မှု ကို တရားမျှတမှု ရှိစေဖို့အတွက် အကြောင်းပြချက် ပေးနေတာဟာ မှန်ကန်မှုမရှိပါဘူး" ဟု China Daily မှ ဖော်ပြ ခဲ့သည်။

ဈေးဝယ်လာသည့် အမျိုးသားတစ်ဦးကိုတွေ့ရစဉ်

"အခွန်စစ်ပွဲမှာ အနိုင်ရတဲ့သူ မရှိပါဘူး။ အမေရိကန်အနေနဲ့ နိုင်ငံရေးသဘော သက်ဝင်နေတဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပြဿနာတွေအတွက် အခွန်ကို လက်နက်တစ်ခုလို အသုံးပြုနေမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ပါဘူး" ဟု ထိုသတင်းစာတွင် ဖော်ပြခဲ့သည်။

ထရမ့်သည် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးချိန် ကာလက တရုတ်အပေါ် အခွန်များ တိုးမြှင့်မည်ဟု ကတိပြုခဲ့ သဖြင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အကြား ဒေါ်လာ ၁၉ ထရီလျံရှိသည့် တရုတ်၏ စီးပွားရေးအတွက် ဖွံ့ဖြိုးတိုးတက် မှု နှုန်းထားကို စီးပွားရေးပညာရှင်များက တဖြည်းဖြည့်လျှော့ချ ခန့်မှန်းလာခဲ့သည်။

ထို့ပြင် ထရမ့် လက်ထက်တွင် အမေရိကန်ပြည်သူများ အနေဖြင့်လည်း စားဝတ်နေရေး ကုန်ကျစရိတ် တိုးမြှင့် လာသည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန်လည်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။

Source: ရိုက်တာ