CNI News

၂၀၂၅ ခုနှစ်၊ မတ် ၁၄

ပါတီမှတ်ပုံတင် အသစ်ကျသည့် တိုင်းရင်းသားပါတီများ ရှိလာသောကြောင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ တိုးချဲ့ရန် ပါတီများအချင်းချင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများအချင်းချင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် အစည်းအဝေးခေါ်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ အချင်းချင်း ဆွေးနွေးမည့် အစည်းအဝေးတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့တိုးချဲ့ရန်ကိစ္စများ ဆွေးနွေးမည်ကြောင်း၊ ရှေ့လုပ်ငန်းစဥ်များထဲ၌ သဘောတူညီမှု ရရှိပြီးသား အချက်များနှင့် နောက်ထပ် အသစ် သဘောတူညီမှုရရှိရန် ဆွေးနွေးမည့် ကိစ္စများလည်း ပါဝင်ကြောင်း ပြည်သူ့ပါတီ(PP)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျ‌နော်တို့ ဒီနိုင်ငံရေးပါတီများ အလုပ်အဖွဲ့ဆိုပြီးတော့ ကျနော်တို့ ပါတီများအားလုံးထဲမှာ ‌ရွေးချယ်ထား တာ ရှိတယ်ပေါ့နော် ၁၆ ပါတီ၊ အဲတော့ ၁၆ ပါတီ ကနေပြီးတော့မှ ဦးဆောင်ပါတီ ၄ ပါတီ ပြီးတော့မှ အလှည့်ကျ ခေါင်း‌ဆောင် တာဝန်ယူမှုနဲ့ သွားတဲ့အခါကျတော့ အဲဒီနောက်ပိုင်းမှာ ပါတီမှတ်ပုံတင် အသစ်ကျတဲ့ တိုင်းရင်းသား ပါတီတွေလည်း တော်တော်များများ ရှိလာတယ်၊ ရှိလာတော့ ကျနော်တို့က ဒီဟာကို အစုအဖွဲ့ တိုးချဲ့ဖို့ကိစ္စ အဲတာ ကို ပြီးခဲ့တဲ့ NSPNC နဲ့ အစည်းအဝေးမှာလည်းပဲ ဒါကျနော်တို့ အကြံပြု လမ်းညွှန်ခဲ့တာရှိတယ်၊ ဆိုတော့ အဲဒါ ကြောင့် ဒီကိစ္စလေးတွေလည်း ဆွေးနွေးမယ်၊ နောက်ကျနော်တို့ ရှေ့လုပ်ငန်းစဥ်တွေပေါ့နော် အဲဒါနဲ့ ပတ်သက်ပြီး တော့လည်း နိုင်ငံရေးပါတီရဲ့ အစုအဖွဲ့ထဲမှာ ဆွေးနွေးကြဖို့အတွက် ကျနော်တို့ စီစဥ်ထားတာ ဖြစ်ပါတယ်၊ ရှေ့လုပ်ငန်းစဥ်တွေထဲမှာ သဘောတူညီမှု ရရှိပြီးသား အချက်တွေရယ်၊ နောက်ထပ် အသစ် ထပ်မံပြီးတော့ သဘောတူညီမှု ရဖို့အတွက် ဆွေးနွေးမယ့်ကိစ္စတွေ ဒါတွေလည်း ကျနော်တို့ ဆွေးနွေးကြမှာပါ” ဟု ပြောသည်။

နိုင်ငံရေးပါတီများနဲ့ NSPNC တွေ့ဆုံ ဆွေးနွေးနေစဉ်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီ များ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်များတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘောထားစုစည်းချက် ၄၃ ချက်အား သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ဆောက်သည်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းရန် သဘောတူ ဆုံးဖြတ်နိုင်ခဲ့သည့်အပြင် ဆွေးနွေးဆဲ ၇ ချက်နှင့် ပြင်ဆင်ရန် ထပ်မံတင်ပြ ထားသည်များလည်းရှိကြောင်း သိရ သည်။

နိုင်ငံရေးပါတီများ အလုပ်အဖွဲ့ တိုးချဲ့ ဖွဲ့စည်းရန် အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ NSPNC နှင့် ဆွေးနွေးရန် မည်သည့်အချက်များအား ထပ်မံထည့်ရမည်ဆိုသည့် ကိစ္စများလည်း ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

၎င်းက “ကျနော်တို့ ၁၆ ပါတီပေါ့နော် အလုပ်အဖွဲ့ရှိတာကိုး၊ အလုပ်အဖွဲ့ကို ရှေ့မှာတုန်းက NSPNC ကနေမှ ထပ်တိုးလာတဲ့ တိုင်းရင်းသားပါတီတွေ ရှိတယ်၊ အဲအတွက်ကြောင့်မို့လို့  ၂၄ ပါတီလောက်ထိ တိုးချဲ့ပြီး ဖွဲ့စည်းဖို့ ဆိုပြီးတော့မှ ဗိုလ်ချုပ်ထွန်းထွန်းနောင် ဥက္ကဋ္ဌ ဖြစ်စဥ်မှာတုန်းက လုပ်ခဲ့တာပေါ့၊ အခုကျနော်တို့က ၁၇ ရက်နေ့မှာ၊ ၁၇ ရက်နေ့ နေ့လည် ၁ နာရီပေါ့နော် အစည်းအဝေးတော့ ခေါ်ထားတယ်၊ ၁၆ ပါတီများ အစည်းအဝေးပြီးတော့မှ လုပ်ကြကိုင်ကြတဲ့ ဟာလေးကိုတော့ ပြောဖို့ပေါ့၊ အဲဟာတစ်ခုတော့ရှိတယ်။ ကျန်တာကတော့ ကျနော်တို့ NSPNC နဲ့ကျနော်တို့ ဆွေးနွေးနေတဲ့ အချက်တွေရှိတယ်လေ၊ အဲမှာ ကျနော်တို့က စုစုပေါင်း ၄၃ ချက်ကတော့ သဘောတူ ညီပြီးသား ရတယ်ပေါ့လေ၊ အဲမှာ နောက်ပိုင်း ဆက်ဆွေးနွေးမယ့် အကြိမ်ရေတွေမှာ ကျနော်တို့ ဘာတွေ ထပ်ထည့်ကြမလဲ ဆိုတဲ့ဟာပေါ့ အဲတာကို ဆွေးနွေးဖို့ပေါ့” ဟု ပြောသည်။

လက်ရှိ မှတ်ပုံတင်ခွင့်ပြုပြီးသား ပါတီများကြားထဲတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အဆိုပြုချက်တစ်ခုကို သဘောတူညီချက် ဖြစ်လာရန် အဓိကဆောင်ရွက်နေကြောင်း နိုင်ငံရေးပါတီများက ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲအပြီးတွင် မည်သည့်ပုံသဏ္ဍာန် သွားကြမည်ဆိုခြင်းကို ပါတီများအချင်းချင်း ကြိုတင်ညှိနှိုင်း ထားခြင်းအားဖြင့် ပို၍ကောင်းမွန်သည့် ဖက်ဒရယ်ပုံသဏ္ဍာန်၊ ပို၍ကောင်းမွန်သည့် ဒီမိုကရေစီ ပုံသဏ္ဍာန်များအား ပီပီပြင်ပြင် ဖြစ်စေရန် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။