CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းကို စတင်ခဲ့ပြီးနောက် တစ်နှစ်တာကာလ အတွင်းမှာပင် ကမ္ဘာကြီးသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည် ၎င်း၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စေရန်အတွက် အပြန်အလှန် ချိတ်ဆက်မှု အားကောင်းသည့် ကမ္ဘာ့စီးပွားရေးအပေါ် ၎င်းတို့၏ လွှမ်းမိုးနိုင်စွမ်းကို အခွင့်ကောင်းယူပြီး စီးပွားရေးကို လက်နက် သဖွယ် အသုံးချရန် ကြိုးပမ်းလာခြင်းကြောင့် ဖြစ်သည်။

ထရမ့်၏ အမေရိကန်ဦးစားပေး (America First) မူဝါဒနှင့် အခွန်တိုးမြှင့် ကောက်ခံသည့် လုပ်ဆောင်ချက်များ သည် အာဆီယံနိုင်ငံများ၏ ဂျီဒီပီအပေါ် နည်းလမ်းနှစ်မျိုးနှင့် သက်ရောက်မှုရှိနေပြီး တစ်ဖက်တွင် အခွင့်အလမ်း ရှိသလို၊ နောက်တစ်ဖက်တွင်လည်း စိန်ခေါ်မှုများ ရှိနေသည်။

ထရမ့်သည် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်လာသည့် သွင်းကုန်အားလုံးအပေါ် ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် ကြိုးပမ်းနေပြီး ထိုအချက်က အာဆီယံကို ထိခိုက်စေမည်ဖြစ်သည်။

အမေရိကန်အား လျှပ်စစ်ပစ္စည်း၊ အထည်အလိပ်နှင့် ကားပစ္စည်းများ အများဆုံးပို့နေသည့် ဗီယက်နမ်နှင့် ထိုင်း နိုင်ငံများ၏ ပို့ကုန်ဈေးနှုန်းများ တက်သွားပြီး ဝယ်လိုအား ကျဆင်းသွားနိုင်သဖြင့် ဂျီဒီပီ တိုးတက်နှုန်းကို တိုက်ရိုက် လျော့ကျသွားစေနိုင်သည်။

ဗီယက်နမ်စက်ရုံတစ်ခုကို တွေ့ရစဉ်

သို့သော် ကုန်သွယ်ရေး လမ်းကြောင်း ပြောင်းလဲမှုကြောင့် အာဆီယံအတွက် အခွင့်အလမ်း ဖြစ်စေခဲ့သည်။

ထရမ့်သည် တရုတ်သွင်းကုန်များအပေါ် ကုန်သွယ်ခွန် ၆၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်လိုက်သည့်အတွက် အမေရိကန်ကုမ္ပဏီများသည် တရုတ်အစား အာဆီယံ (ဥပမာ- မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်) နိုင်ငံများထံမှ ပစ္စည်းများကို ပြောင်းလဲဝယ်ယူလာကြသည်။

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အပြောင်းအလဲကြောင့် တရုတ်နိုင်ငံတွင် အခြေစိုက်သည့် စက်ရုံများသည် အမေရိကန်၏ အခွန်ဒဏ်ကို ရှောင်လွှဲရန်အတွက် အာဆီယံ နိုင်ငံများထဲသို့ အလုံးအရင်းဖြင့် ပြောင်းရွှေ့လာ ကြသည်။

သို့သော် ထရမ့်က အမေရိကန်ကုမ္ပဏီများကို ပြည်ပတွင် ရင်းနှီးမြှုပ်နှံမည့်အစား အမေရိကန် ပြည်တွင်းမှာပင် ပြန်လည် ရင်းနှီးမြှုပ်နှံရန် ဖိအားပေးနေသဖြင့် အာဆီယံထံ စီးဝင်မည့် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအချို့ လျော့နည်းသွားနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia